မဲခေါင်၊ အောက်တိုဘာ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ မူယစ်ဆေးဝါးသုံးစွဲသူ အယောက် ၂၀ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဝတ်စုံဝတ်ဆင်ပေးကာ ကျေးရွာတွေမှာ ပြည်သူစစ်လုပ်ခိုင်းတယ်လို့ မိုင်းရှူးမြို့ခံ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ထဲကသူခိုးတွေနဲ့ မူးယစ်ဆေးသုံးတဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်ပြီး ဖမ်းမိတဲ့သူတွေကို ပြည်သူ့စစ်အဖြစ် ကျေးရွာတွေမှာ ချထားပေးထာဖြစ်တယ်လို့ မိုင်းရှူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ သူတို့ဖမ်းတဲ့သူတွေက သူခိုးဂျပိုးတွေ၊ ဘိန်းစားသမားတွေချည်းပဲ။ ကျနော်တို့နေတဲ့ ရပ်ကွက်က မူးယစ်ဆေးသမားတစ်ယောက်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းခံရတယ်။ မနေ့က ရွာတစ်ရွာမှာစစ်ဝတ်စုံနဲ့တွေ့လို့ မေးကြည့်တာ၊ စစ်တပ်ဖွဲ့ကမဟုတ်ဘူးတဲ့။ ကျနော်တို့တွေက ပြည်သူစစ်တွေပါတဲ့ ” လို့ သူကပြောပါတယ်။
မိုင်းရှူးမြို့နယ်မှာ စစ်မှုထမ်းဖို့ခေါ်ယူစဉ်ကလည်း စစ်တပ်က မူးယစ်သုံးစွဲနေတဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေရှိခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူတချို့ စစ်မှုထမ်းဖို့ခေါ်ဆောင်သွားခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကလည်း မိုင်းရှူးမြို့ထဲမှာ စစ်တပ်က သန်းခေါင်စာရင်းကောက်ယူတာကို အကြောင်းပြပြီး လူငယ်အုပ်စုလိုက်နေတဲ့သူတွေကို ခြိမ်းခြောက်ငွေတောင်းခံတာ၊ တည်းခိုးခန်းနဲ့နေအိမ်တစ်ချို့မှာ စမက်ကတ်မရှိတဲ့သူတွေကို ငွေညစ်တောင်းခံတာတွေပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ရှမ်းပြည်ထဲက မြို့၊ ရွာတွေမှာ မူးယစ်ဆေးသုံးစွဲသူနဲ့ လမ်းဘေးလေလွင့်နေသူတွေကို ငွေကြေးပေးပြီး စစ်မှုထမ်းအတွက် လူထည့်တာတွေ ရှိလာတာကို တွေ့ရပါတယ်။
MK – 011








