မဲခေါင်၊ အောက်တိုဘာ ၄
ကယား(ကရင်နီပြည်)မှာ လက်ရှိ ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေကြောင့် စစ်ရေးလှုပ်ရှုားမှု ရပ်ထားရတယ်လို့ Loikaw Local PDF တာဝန်ရှိသူက ပြောပါတယ်။
ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က ဘီလူးချောင်းဘေး တစ်လျှောက် ကျေးရွာပေါင်း ၅ ထောင်ကျော် အပါအဝင် မြို့တော်လွိုင်ကော်မှာလည်း ရေနစ်မြုပ်နေတာကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။
“လမ်းပန်းဆက်သွယ်ရေးအရ သေချာပေါက်က အခက်အခဲ ရှိတာပေါ့နော်။ စစ်ရေးပုံဖော်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေနော်။ လွယ်ကော်မြို့တောင်မှ လူသွားမရလို့ ဒီအတိုင်း လှေနဲ့ ကူးနေရတဲ့ အခြေအနေပေါ့နော်။ ပြည်သူတွေကလည်း ဒုက္ခရောက်သလို ကျနော်တို့လည်း စစ်ရေး ခက်ခဲလာတာပေါ့နော်” လို့ လွိုင်ကော် LPDF ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
လွိုင်ကော်မြို့ရှိ ပန်ကန်း၊ မိုင်းလုံး၊ ရွာတန်းရှည် စတဲ့ရပ်ကွက်တွေနဲ့ GTC တက္ကသိုလ် နေရာတွေမှာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် စက်တင်ဘာလ အစပိုင်းလောက်ကစပြီး ရေကြီးရေလျှံမှုတွေကြောင့် အခြေအနေ ပြန်လည်ငြိမ်သက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ရေကြီးရေလျှံ့မှု ဖြစ်ရတဲ့ အကြောင်းအရင်းဟာ စစ်ကောင်စီဖက်က နယ်မြေစိုးမိုးမှု ပြန်ရရှိစေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ကိုလင်းလင်းက သုံးသပ်ပါတယ်။
“ရေဖောက်ချတယ် ဆိုတာက စစ်ကောင်စီရဲ့ ဗျူဟာလို့တောင် ပြောလို့ ရတယ်ပေါ့နော်။ မနှစ်က နွေတစ်နွေလုံး ရေလိုအပ်တဲ့ အချိန်မှာ မဖောက်ချဘဲနဲ့ ဒီနှစ်မိုးများမှ ဖောက်ချတော့ တခါဖောက်ရမယ့်ဟာက ၂ ခါစာ ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ရေကြီးပြီး အကုန်လုံး ဒုက္ခရောက်ကုန်ရော။ စစ်ဘေးရော ရေဘေးရော တစ်ပြိုင်နက် ကြုံလာရတဲ့အချိန် စစ်ရေးဘက်ကို အားစိုက်ဖို့က လျော့သွားတာပေါ့”
စစ်ကောင်စီဖက်က ရေကြီးရေလျှံမှုကို အသုံးချပြီး နယ်မြေရှင်းလင်းရေးကို အားစိုက်လုပ်ဆောင်နေတာကြောင့် လွိုင်ကော်မြို့ပေါ်မှာ တော်လှန်ရေး အင်အားစုတွေကလည်း တပ်ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။
လက်ရှိ လွိုင်ကော် LPDF အနေနဲ့ စစ်ရေးရပ်ထားရတဲ့ အချိန်မှာ ရေဘေးကူညီရေးကိုသာ အားစိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထိုင်းနဲ့ ဂျပန်တို့က ထောက်ပံ့ပေးလာတဲ့ သိန်း ၃၀ နဲ့ စားနပ်ရိက္ခာတွေကို ရေဘေးသင့် ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့သေးတယ်လို့ ကိုလင်းလင်းက ဆက်ပြောပါတယ်။
“Campaign တွေ အရမ်းအားကောင်းနေတဲ့ အချိန်မှာ ရုတ်တရက် ရေဘေးဖြစ်လာတော့ ကံစမ်းမဲ ဖောက်မယ့်ဟာတွေ ရပ်ထားပြီး ရေဘေးပြန်ကူနေတယ်ပေါ့။ အရင်ကတည်းကလည်း စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်လုပ်ခဲ့ဖူးတော့ အခုလည်း ကူညီရေးပဲ ပြန်လုပ်နေတယ်။ လွိုင်ကော်နဲ့ အနီးစပ်ဆုံးရောက်အောင် သွားမယ်”
လက်ရှိ စစ်ရေးရပ်နားထားပြီး ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ လွိုင်ကော် LPDF ဟာ အရင် ကရင်နီတပ်ပေါင်းစု (KRU) ကနေ ၁၁၁၁ စစ်ဆေးရေးအတွင်း ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ပြီးတဲ့နောက်မှာ စစ်ရေးပြန်ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
MK-014












