မဲခေါင်၊ အောက်တိုဘာ ၂
ရေကြီးနေတဲ့ ရှမ်း၊ကယားနယ်စပ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့အတွက် စစ်အင်အားတွေတိုးထားတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စက်တင်ဘာလ တတိယအပတ်ကစပြီး ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ -ဒီးမော့ဆို ပြည်ထောင်စုလမ်းတလျှောက်မှာ လက်နက်ကြီးအကူနဲ့ စစ်အင်အားဖြည့်တင်းတာတွေ၊ စစ်ကြောင်းထိုးဖို့ပြင်ဆင်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီရဲ့ မင်းအောင်လှိုင်ကြေညာလိုက်တဲ့ နယ်မြေပြန်လည်ရရှိရေးဆိုတဲ့ စစ်ဆင်ရေးပေါ့နော်။ တခြားတဖက်မှာတော့ ရေဘေးကာလမှာပေါ့နော်၊ ကူညီရမယ့်တာဝန်ရှိကြတာပေါ့နော်၊ အယ့်အချိန်မှာ စစ်ရေးအရ စစ်ဆင်တာကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ မှတ်ချက်ပြုတယ်ပေါ့နော်။ ဒါက Crime Against Humanitarian ပုံစံမျိုးပေါ့နော်။ စစ်ကောင်စီက လူထုကို မျက်နှာမူတာမရှိတဲ့အတွက် ဒါကတော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ သူက အယုတ်မာဆုံးလုပ်မှာပဲ။ လူထုကိုပဲ သတိရှိဖို့ ပန်ကြားလိုပါတယ် “လို့ IEC ရဲ့ အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။
လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက်မှာ နယ်မြေပြန်လည်ရရှိဖို့ စစ်ဆင်ရေးတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ဖယ်ခုံမှာလည်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေရှိနေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ရဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒီးမော့ဆို ခြေလျင်တပ်ရင်း ခလရ ၁၀၂ နဲ့ ခြေမြန်တပ်ရင်း ခမရ ၄၂၇ တို့မှာ တပ်စွဲထားပြီး စစ်ဘေးရှောင်ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲတို့မှာရှိတဲ့ ထောက်ပို့လမ်းကြောင်း ပြတ်တောက်နေမှုကို ပြန်လည်ချိတ်ဆက်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းထိုးတာတွေ ထိတွေ့တိုက်ပွဲတွေရှိနေတဲ့အတွက် ပြည်သူတွေအထူးဂရုစိုက်ကြဖို့ကို တိုက်တွန်းထားပါတယ်။
CJ-004










