မဲခေါင်၊ အောက်တိုဘာ ၁
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဩဂုတ် ၃၀ မှ စက်တင်ဘာ ၃၀ ထိ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ ၅၃ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
MNDAA က လားရှိုးမြို့ကို ဩဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်ပြီးနောက် တစ်လနီးပါးအကြာ ဩဂုတ်လ ၃၀ ရက်နေ့မှ စပြီး လားရှိုးမြို့အတွင်းနဲ့ အနီးနားကျေးရွာတွေမှာ အရပ်သားပြည်သူပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကောင်စီက ဆက်တိုက် ပြုလုပ်ခဲ့တာပါ။
ဩဂုတ်လ ၃၀ ရက်နေ့ပြီးနောက် စက်တင်ဘာလ ၈ရက်နေ့၊ ၉ ရက်နေ့၊ ၁၀ ရက်နေ့၊ ၁၃ ရက်နေ့၊ ၂၁ ရက်နေ့၊ ၂၄ ရက်နေ့၊ ၂၅ ရက်နေ့၊ ၂၇ ရက်နေ့၊ ၂၈ ရက်နေ့၊ ၃၀ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ် ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဝန်ထမ်းအပါအဝင် ပြည်သူ (၁၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့အတွင်းရှိ ရုံး၊ စာသင်ကျောင်း၊ အားကစားကွင်း၊ စျေး၊ ဟိုတယ်နဲ့ လူနေအိမ်တွေများစွာ ပျက်စီးခဲ့ပြီး မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် (၁)၊ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နဲ့ ရပ်ကွက် (၁၂) အပြင် လားရှိုးမြို့အနီးနားရှိ နမ့်ပေါင်ကျေးရွာနဲ့ နောင်မွန်ကျေးရွာ တွေမှာ ထိခိုက်ပျက်စီးမှုတွေ အများဆုံးရှိကြောင်းကို MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီက ပေါင် ၂၀၀၊ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၃၅ လုံးထက်မနည်း လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၄၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။
ကိုးကန့်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို အခမဲ့ဆေးကုသမှုများပြုလုပ်ပေးတယ်လို့ နီးစပ်သူမြို့ခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ ကိုးကန့်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရတဲ့လူနာတွေကို အခမဲ့ ဆေးကုသပေးတာတွေလုပ်ပေးတာရှိတယ်။ တကယ် တစ်ချို့ဖြစ်လာရင်လည်း ကယ်ဆယ်ရေး ရှာဖွေရေးတွေအဆင်သင့်လုပ်ထားတာတွေရှိတယ်” လို့ သူက ပြောပါတယ်။
MNDAA က လေကြောင်းရန် ကြိုတင်ကာကွယ်ဖို့ ဆောင်ရန်ရှောင်ရန်၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးကြေငြာတာတွေ၊ ကယ်ဆယ်ရေးများ၊ ရှာဖွေရေးများကိုလည်း အဆင်သင့်ပြင်ထားတာတွေ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရပါတယ်။
MK-016












