မဲခေါင်၊ စက်တင်ဘာ ၃၀
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ ၃၀ မနက်အစောပိုင်းက လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ဒီနေ့မနက် စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ရပ်ကွက် (၈) မနောမိ ဝပ်ရှော့ဆိုင်အနောက်ဘက်နဲ့ ရပ်ကွက် (၁၁) အောင်စေတနာလမ်းသွယ် ၂ လမ်းထိပ်ကအိမ်ပေါ်မှာ (၂) လုံးကျရောက်ပေါက်ကွဲပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“ ၂ လုံးက ရပ်ကွက် (၁၁) အောင်စေတနာ လမ်းသွယ်(၂) လမ်းထိပ်က အိမ်နှစ်အိမ်ပေါ်ကျတာ အဲ့မှာ လူတစ်ယောက်ဒဏ်ရာရတယ်။ အိမ်တွေလည်းပျက်တယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီ ၃၈ မိနစ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ရက်ကွက်(၈) ရုံး အနောက်ကားဝပ်ရှော့ နဲ့ အနီးနားက အဆောက်အဦးတော်တော်များများနဲ့ ကားများထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီ ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တွေကို လက်ရှိဖြစ်ပွါးနေတဲ့နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းလမ်းအတိုင်းဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ညပိုင်းပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့မှစပြီးစက်တင်ဘာ ၃၀ ရက်နေ့အထိ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလေကြောင်းဖြင့် ၃ ကြိမ် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လာရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲ တစ်လနီးပါးကြာပြီးနောက် စစ်ကောင်စီဟာ လေယာဉ်နဲ့ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ်လ ၃၀ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၉ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၂၄ ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်နေ့မှာတစ်ကြိမ်နဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ တစ်ကြိမ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတစ်ကြိမ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း (၉) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
MK-016














