မဲခေါင်၊ စက်တင်ဘာ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပင်လောင်းမြို့နယ်၊ ဗန်းမောက်နဲ့ နမ့်ဖာမူကျေးရွာတို့မှာ စက်တင်ဘာလ ၁၇ ရက်ကနေ ဒီနေ့(စက်တင်ဘာ ၃၀)အထိ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။
“အိမ်ခဏပြန်ကြည့်တဲ့လူတွေ ပြောတာပေါ့နော်။ ဘယ်သူမှ မပြန်ရဲကြဘူးလေ။ ပစ်နေကြတုန်းပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိချိန်အထိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)နဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့တုန်းကလည်း စစ်ကောင်စီဘက်က ၅ ကြိမ်တိတိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် ဒေသခံ အမျိုးသား တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လူဦးရေ ၂ သောင်းနီးပါး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
PNA အနေနဲ့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီ ခိုင်းစေမှုအရ စစ်အင်အားပြသခြင်း၊ စစ်မှုထမ်းခေါ်ယူခြင်း၊ အခွန်ကောက်ခံခြင်း စတာတွေကို အားစိုက်လုပ်ဆောင်နေပြီး ပအိုဝ်းဒေသတွင်း ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရေဘးနဲ့ စစ်ဘေး ကြုံတွေ့နေရပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရ ဒေသတွေမှာလည်း ၂ မျိုးလုံးကြုံတွေ့နေရတယ်လို့ သိရပါတယ်။
MK-014








