မဲခေါင်၊ စက်တင်ဘာ ၁၂
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သိမ်းပိုက်ခံထားရတဲ့ လားရှိုးမြို့ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် နေရပ်ပြန်လာဖို့ ကြောက်ရွံနေရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထားတာ တစ်လအကြာရှိနေပေမဲ့ ဒေသခံသုံးပုံတစ်ပုံလောက်သာ နေရပ်ပြန်လာကြသေးတယ်လို့ မြို့ခံတွေကပြောပါတယ်။
“အစကတော့ကျွန်မတို့က တိုက်ပွဲပြီးလို့ အခြေအနေ စောင့်ကြည့်ပြီး အိမ်ပြန်မလို့ကို အခုက သူတို့(စစ်ကောင်စီ) က လေယာဉ်တွေနဲ့ဗုံးလာကြဲတော့ မပြန်ရဲသေးဘူး၊ အခုတော့ အိမ်ပြန်ရဖို့ ပိုဝေးသွားပြီထင်ပါတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရပ်သားပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား လေကြာင်းတိုက်ခိုက်မှုတွေကြောင့် စိတ်မလုံခြုံမှုတွေ များစွာခံစားနေရတဲ့အတွက် နေရပ် မပြန်နိုင်သေးဘဲ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ဘယ်သူမဆို ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ချင်တာပေါ့ အခုချိန်က လေယာဉ်နဲ့ဗုံးလာကြဲ တာတွေလည်းခဏခဏ ကြားနေရတာ။ အခုက လေယာဉ်သံကြားတာနဲ့ကို လူကအလိုလိုနေရင်းစိတ်ထဲ ကြောက်လန့်နေရတာ ဒီလိုပုံစံနဲ့လားရှိုးကိုမပြန်ရဲသေးဘူး” လို့ ပြောပါတယ်။
နေအိမ်မှာပြန်လည်နေထိုင်ကြပြီဖြစ်တဲ့ မြို့ခံတချို့ဟာလည်း လေကြောင်းရန်ကို ကြောက်နေရပေမဲ့လည်း အိမ်ဖောက်ထွင်းခံရမှုတွေကိုပါစိုးရိမ်နေရတာကြောင့် အိမ်ပြန်လာစောင့်ကြတာဖြစ်တယ်လို့ နေအိမ်ကိုပြန်ရောက်ပြီဖြစ်တဲ့အမျိုးသားတစ်ဦးက ဆိုပါတယ်။
“လေယာဉ်နဲ့ဗုံးလာကြဲတာကိုတော့ကြောက်တာပေါ့ တစ်ဖက်မှာလည်း အိမ်ကိုပြန်မလာရင် သူခိုးတွေကတစ်မျိုးလေ။ ကျွန်တော်တို့ရက်ကွက်မှာတော့အားလုံးပြန်မရောက်သေးဘူး။ မိသားစုတစ်ခုမှာဆိုရင် တစ်ယောက်နှစ်ယောက်လောက်ပဲ အိမ်ပြန်လာစောင့်တဲ့ သဘောမျိုးနဲ့ပြန်လာကြတာ ” လို့ဆိုပါတယ်။
ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီက ဩဂုတ်လ ၃၀ မှာတစ်ကြိမ်၊ စက်တင်ဘာလ ၈ ရက်နေ့မှာတစ်ကြိမ်နဲ့ စက်တင်ဘာလ ၉ ရက်နေ့မှ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်လောက် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံများနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများဆီသို့ ပေးပို့သွားမယ့်အကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နေ့မှာ ထုတ်ပြန်ကြေငြာထားပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်- MNDAA က ဩဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။
MK – 016













