မဲခေါင်၊ စက်တင်ဘာ ၉
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နဲ့ တောင်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို တိုက်ပွဲတွေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဆီဆိုင်မြို့တွင်း နေရာတွေနဲ့ မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့အကြား တိုက်ပွဲ ပြင်းထန်နေတာကြောင့် စက်တင်ဘာလ ၇ ရက်နေ့ကစပြီး ပိတ်ထားတာပဲ ဖြစ်ပါတယ်။
“အကန့်အသတ်မရှိလို့တော့ ပြောတာပေါ့နော်။ မကြာဘူးလို့တော့ ထင်တာပဲ။ ဒီလိုကာလမှာ လမ်းတိုင်းက ဝုန်းဝုန်းဒိုင်းဒိုင်းဆို လမ်းပိတ်ပြီလေ။ နောက်နည်းနည်းလေး ငြိမ်လာရင် ပြန်ဖွင့်ပေး ပြန်သွားကြပေါ့။ သတိနဲ့ ယှဉ်ပြီး သွားလာကြပေါ့နော်” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ ဟိုပုံးမြို့အထိသာ သွားလာလို့ရနေပြီး စက်သုံးဆီအခက်အခဲကြောင့် လမ်းတစ်လျှောက် ညအိပ်စောင့်တဲ့ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လမ်းပိတ်ထားတာကြောင့် လွိုင်ကော် – တောင်ကြီး သွားလာကြတဲ့ကားတွေဟာ ကလောဘက်လမ်းနဲ့ အင်းလေးကန်ပတ်လမ်း ပတ်သွားကြတယ်လို့ သိရပါတယ်။
“စစ်တပ်ဖက်က ပိတ်တာ။ PNLA ဖက်ကတော့ ဘာမှမပြောထားဘူး။ ဒီလိုကာလက မပိတ်ရင်တောင် ဒီလမ်းသွားဖို့ မသင့်ဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
စစ်ကာင်စီ၊ PNA ပူးပေါင်းတပ်တွေဟာ ပင်လောင်း – လွယ်ကော်လမ်းကိုလည်း နန်းတောင်လမ်းဆုံကစလို့ နောင်ပီဂိတ်အထိ ပိတ်ထားပြီး ၅ ရက်တစ်ကြိမ်သာ ဖွင့်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဇူလိုင်လလယ်ကတည်းက ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ် ဆီဆိုင်၊ လွိုင်ကော်မြို့နဲ့ ကရင်နီပြည်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
MK-014








