မဲခေါင်၊ စက်တင်ဘာ ၅
ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် စက်တင်ဘာလ ၄ ရက်နေ့မှာ ရောက်ရှိနေချိန် အစည်းအဝေးလုပ်နေစဥ် ကာကွယ်ရေးတပ်တွေဖက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
“မနေ့က ကြည့်သလောက်ဆိုရင် သူတို့ ဟတ်စကီး တက်လာတဲ့ လမ်းကြောင်းမှာပဲ လက်နက်ကြီးကျတယ်ပေါ့။ သူတို့ဖက်က ထိခိုက်မှုရှိမရှိကိုတော့ အတည်ပြုလို့မရဘူးပေါ့။ ကျွန်တော်တို့က ကင်းစောင့်နေတော့ အဝေးက မြင်ရတာမျိူးလောက်ပါပဲ။ ဟတ်စကီးနဲ့ ပြန်မယ့်ခရီးစဥ်မှာ၊ သူတက်လာတဲ့ လမ်းကြောင်းနဲ့ မနီးမဝေးမှာကျတယ်” မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
မင်းအောင်လှိုင်က ကရင်နီပြည်နယ်ကို ပုံမှန်အခြေအနေရောက်ရှိအောင် စီမံဆောင်ရွက်ဖို့၊ စျေးအသစ်ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ပြောသွားတာတွေရှိတယ်လို့ စစ်ကောင်စီလော်ဘီ MRTV က တဆင့် သိရပါတယ်။
“ရှော့တိုက်နဲ့ ပစ်လိုက်တာကိုတော့ မြင်လိုက်ရတယ်။ ပြည်နယ်ခန်းမကျတယ်လို့ကြားတယ်။ အထိအခိုက်ရှိတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူးဗျ” လို့ ပြည်သူတဦးကပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လွိုင်ကော်ခရီးစဥ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် နောက်ထပ်သွားမယ့်ခရီးစဥ်တွေကို ဖျက်ပြီး မြန်မြန်ပြန်သွားတယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်ခံရပြီးတဲ့နောက် မနေ့က ညနေခင်းအချိန်မှာပဲ ဘုရားဖြူရပ်ကွက်အနီးနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူနဲ့ အိုးအိမ်ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
CJ-004








