မဲခေါင်၊ စက်တင်ဘာ ၂
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဟိုပုံးမြို့ အနောက်ရပ်က အုပ်ကြီး စစ်မှုထမ်းအစည်းအဝေးမှာ ရပ်ကွက်လူထုနဲ့ အချင်းများတဲ့သတင်း မဲခေါင်က ဖော်ပြပြီးတဲ့နောက် အုပ်ကြီးစိုင်းသန်းဦးက မလုပ်ရဲတော့လို့ ထွက်လိုက်တယ်လို့ သိရပါတယ်။
နေရာကို အခု စစ်ထွက် ဦးရွှေသီးဆိုသူကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က အစားထိုးခန့်အပ်တာမှာ စစ်မှုထမ်းနဲ့ အကျုံးဝင်တဲ့ အိမ်တွေကို စာတွေ ချက်ခြင်း ဖြန့်ဝေလာတယ်လို့ ရပ်ကွက်လူထုထံက သိရပါတယ်။
“သူက အသက်ကြီးပြီ၊ ခေါင်းဖြူ၊ မုတ်ဆိတ်ဖြူတွေနဲ့ စာက အရင်ရပ်ကွက်လူကြီးကတည်းက ပို့ခိုင်းထားတာ။ အဲ့ဒါကြောင့်ရက်စွဲက ၆ လပိုင်းဖြစ်နေတာ၊ အဲစာ လ မမှန်လို့ မသွားကြဘူး၊ အရင်လူကမပို့ရဲလို့နေမယ်။ ဒီအသစ်တစ်ယောက်မှ ပို့တာတဲ့အကုန်လုံးကို၊ နောက်လူက ပိုဆိုးမယ့်ပုံပဲ၊ ဒီနေ့လုပ် နောက်ရက် စစ်မှူထမ်းအရွယ်ရှိတဲ့ အိမ်စေ့စာပို့တော့တာပဲ”လို့ ရပ်ကွက်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စာတွေဖြန့်ပေမယ့် လူတွေမသွားကြတာနဲ့ သူလုပ်တာ သဘောတူ၊ မတူကို အစည်းအဝေးထပ်ခေါ်မှာ ဖြစ်ပြီး ဘယ်သူမှ မလုပ်ချင်တာဖြစ်လို့ အားလုံးက သဘောတူနိုင်တယ်လို့ ဆိုပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွေ တွေ့သူကတွေ့လာလို့ ခေါ်မယ့်အစည်းအဝေးမှာပါလာမှာလို့ ပြောပါတယ်။
“ခုက ဒေသခံတွေက ဘယ်လိုလဲဆိုတော့ စစ်မှုထမ်းဖို့နာမည်ပါလာလဲ ပိုက်ဆံပေးလို့ရနေတာပဲလို့ တွေးနေကြပြီ၊ သူတို့က စစ်မှူထမ်းရမယ့်အရွယ်ရှိတဲ့အိမ်ဆို တစ်အိမ်မှာ တစ်ယောက်ရှိရင် တစ်သိန်းခွဲ၊ ၂ ယောက်ရှိရင် ၂ သိန်း၊ ၃ ယောက်ရှိရင် ၂ သိန်းခွဲ၊ လုံးဝမရှိတဲ့အိမ်ဆို အရင်က တစ်သောင်း ခုက ၂သောင်းခွဲတဲ့”လို့ ဟိုပုံးနေသူတစ်ဦးက ပြောပါတယ်။
လူတစ်ယောက်ငှားပါက ကျပ် သိန်း ၄၀၊ ၅၀၊ ၆၀ နဲ့အမြင့်ဆုံး ၇၅ သိန်းပေါက်စျေးရှိကာ ရပ်ကွက်က ကောက်ယူတဲ့ ရ/သုံးစာရင်းကိုတော့ လူထုကို ရှင်းလင်းတာ တခါမှ မရှိသေးဘူးလို့ ဆိုပါတယ်။
မကြာသေးခင်ကပင် စစ်မှုထမ်း အပတ်စဥ် ၄ အတွက် ခေါ်ယူခဲ့ပြီး ခုလာမယ့်အပတ်စဥ်မှာ အမျိုးသမီး အပတ်စဥ် ၁ ဖြစ်နိုင်တယ်လို့သိရပါတယ်။
စစ်ကောင်စီပြန်ကြားရေးက စစ်မှုထမ်း အပတ်စဥ် ၅ ကစပြီး အမျိုးသမီးတွေကို စခေါ်မယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကတဆင့် ပြောထားပါတယ်။
နိူင်ငံရေး၊ စစ်ရေးမျက်နှာစာတွေမှာ အဘက်ဘက်က စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အမျိုးသမီးတွေကိုသာမက အသက် ၃၅ နှစ်က ၆၅ နှစ်အထိ အကျုံးဝင်သူအားလုံးကိုပြည်သူ့လုံခြုံရေးအမိန့်နဲ့ စစ်မှုထမ်းခိုင်းနေတာဖြစ်ပါတယ်။
MK-012








