မဲခေါင်၊ သြဂုတ် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာက စစ်ကောင်စီ အမြောက်တပ်စခန်း ၂ခု ဖြစ်တဲ့ အမတ ၂၀၆နဲ့ အမတ ၄၀၆တို့ကို သြဂုတ်လ၂၈ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ်လ၂၉ရက်နေ့မှာ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ အမြောက်စစ်ဆင်ရေးဌာနချုပ် ၉၀၂တပ်စခန်း၊ အမတ ၃၄၅ တပ်စခန်းအနီးတဝိုက်နဲ့ မကျီးရေရွာဘုန်းကြီးကျောင်းတို့မှာ TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
မနေ့ မနက် ၅နာရီနဲ့ မိနစ် ၄၀မှာ အမတ ၃၅၄ တပ်၊ မနက် ၇နာရီ ၂၀မှာ တောင်ခမ်းကျေးရွာ ၉၀၂စစ်ကောင်စီတပ်၊ ညနေ ၅နာရီ ၄၀မှာ မကျီးရေရွာက စစ်ကောင်စီတပ်တို့နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ တောင်ခမ်းရွာက မစခ ၉၀၂ တိုက်ပွဲမှာ စစ်ကောင်စီတပ်က Y12 နဲ့ ၃ ကြိမ် ၊ ဗုံး ၁၅၀ လုံး၊ တောင်ရွှေရွာမှာ Jet Fighter နဲ့ တစ်ကြိမ်နဲ့ သကြားစက်ရုံမှာ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းတောင်ပိုင်းက ရပ်စောက်မြို့နယ် ကျောက်ဂူဘက်ကနေ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အခြားစစ်အရင်းအမြစ်သတင်းတွေမှာတော့ မစခ ၉၀၂တပ် ရှင်းလင်းဆောင်နားအထိ တော်လှန်ရေးတပ်တွေ ခြေကုတ်ယူနိုင်ခဲ့လို့ စစ်ကောင်စီက ပြင်ဦးလွင်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးနေရတဲ့အဆင့်ရောက်နေပြီလို့သိရပါတယ်။
MK-012








