မဲခေါင်၊ ဩဂုတ် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းဆောက်ဖို့ ဖျက်မိန့်ကျထားတဲ့ နေအိမ်တွေက ရုံးချိန်းအတွက် တစ်အိမ် တစ်သိန်းကျပ်နှုန်း ပေးဆောင်နေရတယ်လို့ အိမ်ရှင်တွေက ပြောပါတယ်။
တောင်ကြီးမြို့ အနောက်ဘက် ရပ်ကွက်တွေက ချောက်ကမ်းပါးစွန်းကျတဲ့ နေအိမ်တွေနဲ့ ဖာမွန်းကျေးရွာက နေအိမ်တွေကို ဩဂုတ်လအတွင်း ဗျူဟာကုန်းဆောက်ဖို့အတွက် စစ်ကောင်စီက ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းဖို့ စီစဉ်ထားတာပါ။
“ခုပေးရတဲ့ တစ်သိန်းက ရှေ့နေခလည်း မဟုတ်ဘူး။ ရုံးချိန်း ခဏခဏမသွားရဖို့ ရှေ့နေ့က အပြီးလုပ်ပေးမယ့် ဝန်ဆောင်ခလို့ ပြောတာပေါ့။ သူတို့အချင်းချင်း တရားသူကြီးနဲ့ ခွဲယူလည်း ယူမှာပေါ့။ ရှေ့နေ့ခကတော့ အမှုရင်ဆိုင် ကာလအတွင်း ထပ်ပေးရမယ် ပြောတယ်” လို့ ဖာမွန်းရွာခံ တစ်ဦးက ပြောပါတယ်။
အဲဒီနေအိမ်တွေကို ၁၅ ရက်အတွင်း ဖျက်သိမ်းပေးဖို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ တစ်ကြိမ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်ကြိမ် ထွေအုပ်ဝန်ထမ်းတွေက စာပို့ထားပေမယ့် ဖာမွန်းကျေးရွာနေ အိမ်ရှင်တွေက ရှေ့နေငှားရမ်းပြီး အမှုရင်ဆိုင်နေတာကြောင့် လတ်တလော ဖျက်သိမ်းဖို့ကို ယာယီ ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။
ဖျက်သိမ်းရမယ့်စာရင်းမှာ ဖာမွန်းကျေးရွာက နေအိမ် ၇၀ အထိပါဝင်တာကြောင့် ဂရမ်အမည်ပေါက် စာချုပ်စာတမ်းရှိတဲ့ အိမ်ပိုင်ရှင် ၂ ဦးက အထောက်အထားမရှိတဲ့ အိမ်ပိုင်ရှင်တစ်ဦးကို အာမခံပေးရမယ်လို့ သိရပါတယ်။
“အာမခံပေးတာကတော့ ရှေ့နေက အကြံပေးတာ။ အဲလို အာမခံပေးလို့ ဖျက်ရမယ့်ထဲ မပါတော့တာလည်း မဟုတ်ဘူး။ အခု အမှုရင်ဆိုင်တဲ့ ကာလအတွင်း ပိုင်ဆိုင်မှု ခိုင်လုံကြောင်းပေါ့။ တရားသူကြီးကိုလည်း ခွဲပေးမယ်ပေါ့။ မလွယ်ဘူး ထင်တယ်။ မန္တလေးမှာ ဂရမ်ပေါက်တဲ့ အိမ်တွေတောင် ဖျက်လိုက်ရတာပဲ” လို့ ဖာမွန်းရွာခံ တစ်ဦးက ဆက်ပြောပါတယ်။
အလားတူ စဝ်စံထွန်း၊ ရတနာသီရိ၊ ချမ်းမြသာစည်၊ ရွှေတောင်၊ စိန်ပန်း၊ ညောင်ဖြူစခန်း စတဲ့ ရပ်ကွက်တွေက အိမ်ပိုင်ရှင်တွေလည်း အသနားခံစာတင်ထားရပြီး အဲဒီအတွက် ညောင်ဖြူအုပ်ချုပ်ရေးမှူး PNO ပါတီဝင် ခွန်ကျော်ဆန်းကလည်း တစ်အိမ်ကို ၂ သိန်းကျပ် တောင်းခံထားတယ်လို့ အိမ်ရှင်တွေက ပြောပါတယ်။
တောင်ကြီးမြို့မှာ စစ်ကောင်စီက မြစိမ်းတောင်ပေါ် တောင်ကြီးဟိုတယ် အနီးနဲ့ အထက်ပါရပ်ကွက်တွေရဲ့ ချောက်ကမ်းပါးအစွန်းတွေမှာ ဗျူဟာကုန်း ၂ ခု ဆောက်လုပ်သွားမယ်လို့ ဌာနဆိုင်ရာ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
MK-014









