မဲခေါင်၊ သြဂုတ် ၂၈
ရှမ်းမြောက်၊ သီပေါမြို့မှာ ဆက်သွယ်မှုပြန်ရနေတဲ့ Mytel ဖုန်းလိုင်းမှာ မြို့ထဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတာကြောင့် ဖုန်းလိုင်းတွေ ပြန်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ သြဂုတ်လ ၂၇ ရက် မနက် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေ ဗုံးအလုံး ၆၀ ခန့် လာကြဲလို့ သီပေါမြို့ လူနေရပ်ကွက်တွေကျပြီး လူ၂ ဦးသေဆုံးမှုဖြစ်ပွားရပြီးနောက် မနက် ၁ဝနာရီခွဲ မှာ သီပေါမြို့မှာ ရနေတဲ့ Mytel လိုင်းတွေ ပြန်ပြတ်သွားတာဖြစ်ပါတယ်။

“ဒလန်ဆိုတာထက် စစ်ကောင်စီက ဗုံးနဲ့လူသတ်နေတာပါ၊ မြို့သူမြို့သားတွေကတော့ သတင်းမေးပြောကြတာပဲရှိတယ်၊ အစကတည်းက သီပေါရဲ့ ပစ်မှတ်တွေကို အမြောက်ရော၊ လေယာဉ်ရော မှတ်ပုံတင်ပြီးသား၊ ပြီးတော့ သီပေါက မြို့သိမ်းတိုက်ပွဲမပြီးသေးဘူး၊ တိုက်ပွဲဇုန်အတွင်း အနီရောင်အဆင့်ရှိနေတုန်းပဲ၊ တပ်တွေ အကုန်ကျပြီးတာတောင်မှ သိမ်းထားတဲ့ မြို့တွေကို ဗုံးကြဲတုန်းလေ၊ အဓိကက တိုက်ပွဲသတ်ကွင်းထဲ လူထုမနေဖို့ပဲ၊ ခုက သီပေါမှာ စစ်မရှောင်တာ တစ်သောင်းလောက်ရှိတယ်ဆိုတော့ ထိခိုက်ကြမှာပဲ”လို့ စစ်ရေးအကဲခတ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မြို့လူထုအနေနဲ့ ဒလန်သတင်းပေးဆိုတာထက် စစ်တပ်လော်ဘီတွေတင်တဲ့ နေရာပြသတင်းတွေကို အထူးဂရုစိုက်ပြီး အဲနေရာတွေကိုမနေဖို့လိုအပ်ကြောင်း၊ ရဲစခန်း၊ ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တာဖြစ်လို့ သတိထားရှောင်ကြဖို့နဲ့ အကောင်းဆုံးကတော့ စစ်မြေပြင်ဖြစ်ဆဲ၊ စစ်ပွဲဇုန်ကနေ ဝေးဝေးရှောင်နိုင်တာ အကောင်းဆုံးပါ စစ်ကောင်စီက ဘက်ပြောင်းလာတဲ့ CDM အရာရှိတစ်ဦးက အကြံပြုထားပါတယ်။
စစ်တပ်က စစ်ဆင်ရေးနေရာတွေကို ဖြတ်လေးဖြတ် စနစ်ကျင့်သုံးရာမှာ အခုလို ဒေသခံတွေ ထင်ယောင်ထင်မှားဖြစ်အောင် ပြည်သူချင်းအထင်မြင်လွဲအောင် ရန်တိုက်သွေးကွဲစေတဲ့ နည်းတွေကျင့်သုံးနေတာဖြစ်လို့ ဗုံးကျလို့ ဖုန်းလိုင်းကြိုးတွေပြတ်တာမဟုတ်ရင် ဆက်သွယ်ရေးလိုင်းတွေမဖြတ်သင့်ဘူးလို့ ဒေသခံတွေက တောင်းဆိုနေကြကြောင်းသိရပါတယ်။
သီပေါကို TNLA နဲ့ PDF တပ်တွေ သြဂုတ်လ ၁၀ ရက်ကတည်းက ထိုးစစ်ဆင်နေတာမှာ သြဂုတ်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀ ဦးအပါအဝင် ၅၉ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့သြဂုတ် ၂၇ ရက်မှာ TNLA သတင်းစဉ်က ထုတ်ပြန်ကြေညာထားပါတယ်။
MK-012













