မဲခေါင်၊ သြဂုတ် ၂၇
ရှမ်းမြောက်၊ သီပေါမြို့ကို ညသန်းခေါင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ အမျိုးသား ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညသန်းခေါင် တစ်နာရီခန့်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ Y12 က ဗုံးလာကြဲလို့ သီပေါမြို့၊ အုတ်ကျင်းရပ်မှာအမျိုးသား ၁ ဦး ဗုံးကြောင့် အိမ်ပြိုကျလို့ ပိမိကာသေဆုံးရပြီး အခြား ၁ ဦးမှာ ဗုံးဒဏ်ကြောင့် လန့်ကာ နှလုံးရပ်သေဆုံးရတာလို့ သိရပါတယ်။
သေဆုံးသူတွေမှာ အသက် ၄၀ နဲ့ ၅၀ နှစ်ကြားရှိပြီး ၁ ဦးမှာ ဦးအောင်နိုင်ဖြစ်တယ်လို့ သိရပါတယ်။
“ညကြီးဗျာ၊ တစ်မြို့လုံး မအိပ်နိုင်ကြတော့ဘူး၊ ဘယ်နေရာထိမလဲနဲ့ ၊ အနားမှာလဲ ကျနေတာကိုး၊ အိမ်တွေ၊ အဆောက်အဦးတွေနေလဲမလုံခြုံဘူး၊ ဗုံးက တိုက်ရိုက်ကျနေတာ၊ အားလုံး ဘုရားတနေကြရတယ်”လို့ ပန်းတိမ်တောင်ရပ်နေသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး၅ လုံးကြဲချခဲ့ပြီ. Y12 ကတော့ ဘယ်လောက်ကြဲချခဲ့သလဲ မသိဘူးလို့ ပြောပါတယ်။
ဗုံးတွေဟာ မြန်မာရပ်မှာ ၁ လုံး၊ အထက-၃ မှာ ၁ လုံး၊ ဧမာနွေလ နှစ်ခြင်းခရစ်ယန်ဘုရားကျောင်း ဖာသာနေတဲ့ အဆာက်အဦးကို တစ်လုံးနဲ့ အုတ်ကျင်းရပ်မှာ ၂ လုံး ကျခဲ့တာလို့ သိရပါတယ်။
TNLA၊ PDF တွေ သီပေါမြို့ကို သြဂုတ်လ ၁၀ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာမှာ စစ်ကောင်စီတပ် ခလရ-၂၃၊ ခမရ-၅၀၃၊ ၅၀၄ တို့ယနေ့ထိ မကျသေးဘဲ စစ်ကောင်စီက လေကြောင်းက ပစ်ကူပေးနေတာဖြစ်ပြီး အရပ်သားပြည်သူတွေ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၂၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀ ခန့်ရှိနေခဲ့ပြီဖြစ်ကြောင်း သီပေါမြို့ နယ်စည်းမခြားလူမှုကူညီရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်
MK-012











