မဲခေါင်၊ သြဂုတ် ၂၇
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရကာ အဆောက်အဦးတွေ ပျက်စီးတဲ့ အချက်အလက်တွေနဲ့ မနေ့ သြဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဇူလိုင်လ ၁၉ ရက်က သြဂုတ်လ ၁၉ ရက်အထိ ၁ လတာ အတွင်း အရပ်သား ၁၉ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၁၀ ခန့် ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) က ဖော်ပြ ထားပါတယ်။
ယင်းတို့အထဲတွင် သံဃာတော်များ၊ အမျိုးသမီးများ ကလေးငယ်များ ပါဝင်နေပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကိုပါ တိုက်ခိုက်ခဲ့တာလို့ ပါရှိပါတယ်။
“တချိန်ကျရင် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို ပြန်အရေးယူနိုင်ဖို့အတွက်ရယ်၊ အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဖော်ဆောင်ရေးမှာ ဒီအစီရင်ခံတွေနဲ့ ပြန်အသုံးပြုနိုင်ဖို့ပါ”လို့ SHRF က ယိင်းလျန်းဟန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သီပေါမြို့နယ်က ဆောင်ကြဲ၊ နောင်ကော်ကြီး၊ ပန်မိတ်၊ ကုံးစုံရွာ၊ မြို့ဟောင်း၊ တုံစန့်၊ နားလွယ်၊ အုတ်ကျင်းရပ်၊ တာပုတ်၊ မြို့လယ်ရပ်၊နားမခေါ်၊ ရွှေစေတီကျောင်း၊ ဇတ်စု၊ အနောက်ရပ်၊ နားလွယ်၊ ကျောင်းစု၊ စံဖိတ်၊ ပန်စောက်မိန်း၊ ပန်းတိမ်တောင်၊ ဆိုင်းခေါင်၊ နမ့်လန်မြို့ကောင်းလန်းရပ်၊ ညောင်ကိုးပင်ရွာ တို့ကို စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးတွေနဲ့ ပြင်းထန်စွာတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသေးစိတ် အချက်အလက်တွေ ပါရှိပါတယ်။
MK-012








