မဲခေါင်၊ ဩဂုတ် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စုမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / တပ်မတော်(RCSS/ SSA)က စစ်အသုံးစရိတ် ကောက်ခံပြီး တပ်သားသစ် စုဆောင်းနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
RCSS က ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကျောက်နီကျေးရွာအုပ်စုက ကျေးရွာတွေကို စစ်အသုံးစရိတ် အိမ်ထောင်တစ်စု တစ်သောင်းကျပ်နှုန်းနဲ့ တစ်ရွာ တစ်ဦးနှုန်း စစ်မှုထမ်း ခေါ်ယူနေတာပဲ ဖြစ်ပါတယ်။
“ရပ်စောက်ဘက်မှာ ရှမ်းတပ် ၂ တပ် တိုက်ပွဲဖြစ်နေတော့ သူတို့ လူလာကောက်နေတာ။ ဘာနေနေ ဆက်ကြေးက ပေးရတာပဲ။ မရှိလည်း မရရအောင် ရှာပေးရတာပဲ။ အုပ်ကြီးက ဈေးဆစ်တာတောင် မရဘူး” လို့ ကျောက်နီဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လူသစ်စုဆောင်းရာမှာလည်း မပါဝင်နိုင်တဲ့ ကျေးရွာတွေကို တစ်အိမ် ၅ သောင်းကျပ် ထည့်ဝင်ဖို့ သတ်မှတ်ထားပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ လူစားထိုးဖို့ ငှားရမ်းရမယ်လို့ ဆိုပါတယ်။
“လူငှားတာက တစ်အိမ် ၅ သောင်းပဲလေ။ လူငှားတာက သိန်း ၉၀ ပဲ။ ရွာက အိမ်ထောင်စုနဲ့ အများကြီး ပိုတယ်။ ပိုတာတွေ ဘာလုပ်ကြမလဲ မသိဘူး” လို့ ကျောက်နီဒေသခံ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနက RCSS တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။
ကျောက်နီဒေသခံတွေအနေနဲ့ လက်ရှိမှာ စိုက်ပျိုးသီးနှံတွေ ဈေးကောင်းမရတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ အလုပ်အကိုင် ရှားပါးလာတာကြောင့် ထည့်ဝင်ရမယ့် ဆက်ကြေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။
MK-014








