မဲခေါင်၊ ဩဂုတ် ၂၂
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်မှုထမ်းမည့်သူ မရှိတာကြောင့် စစ်မှူထမ်းဟောင်းတွေကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခတိုင်းမှူး)ကိုယ်တိုင် စည်းရုံးနေရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့ ဩဂုတ် ၂၁ ရက်နေ့ နေ့လည်ပိုင်းက လွိုင်ကော်မြို့၊ မြို့တော်ခန်းမမှာ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူကာ ဆန်, ဆီ၊ ကြက်ဥတွေ ထောက်ပံ့ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းမှာ ပါဝင်ကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
“စစချင်းက သူတို့တွေ အကြမ်းမရတော့တဲ့ အခါကျတော့ အနုနည်းနဲ့ ပြန်လာတာ။ ပြန်လာသူတွေကို မစို့မပို့လေး ထောက်ပံ့ပေးပြီး ပြည်သူ့စစ်ပြန်ဖွဲ့မယ်။ နင်တို့ပါကြပေါ့။ လွိုင်ကော်သားတွေက စစ်ကိုမုန်းနေပြီ။ ဘယ်ဘက်မှ မပါချင်တော့ဘူး” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဟောင်းတွေကို ဧက ၅၀၀၊ နမ့်ဘော်ဝမ်၊ ကြည်သာစတဲ့ ရပ်ကွက်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေက ခေါ်လာတာဖြစ်ပြီး အားလုံးနီးပါး အသက် ၆၀ ဝန်းကျင်ရှိနေကြတဲ့အပြင် ဆံပင်တွေလည်း ဖြူနေပြီလို့ မြင်တွေ့ခဲ့တဲ့သူတွေဆီက သိရပါတယ်။
တစ်ရပ်ကွက် ၂၀ နှုန်းနဲ့ ခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တွေဟာ အင်အား ၂၀၀ ကျော်ရှိပြီး မြို့တွင်းလုံခြုံရေး ကင်းစောင့်ဖို့အတွက် တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးကတည်းက ကျန်ရှိခဲ့သူနဲ့ လက်ရှိပြန်လာသူတွေဟာ မြို့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိပြီး မြေမြုပ်မှိုင်း မရှင်းရသေးတဲ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်မှုထမ်း အန္တရာယ်တွေကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောဆိုထားပါတယ်။
MK-015








