မဲခေါင်၊ သြဂုတ် ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သီပေါမှာ ဒေသခံ (၂) ဦး သေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန် မီးလောင်သွားခဲ့ရတယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
သြဂုတ်လ (၁၈) ရက်နေ့မှာ ခြေလျင်တပ်ရင်း-၂၃ အနီးမှာရှိတဲ့ နားမုံရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား (၂) ဦး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ သြဂုတ်လ (၁၉) ရက်နေ့ နေ့လည်ပိုင်းမှာလည်း သီပေါမြို့ ကျောက်စုရပ်ကွက်က AAA ရဲ့ ဆီသိုလှောင်ကန်အတွင်းကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် TNLA ရဲ့ သီပေါမြို့မီးသတ်တပ်ဖွဲ့နဲ့ မြို့ခံပြည်သူလူထုတွေက အချိန်မှီ ဝိုင်းဝန်းမီးငြိမ်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှာ သြဂုတ်လ ၁၆ ရက်နေ့က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်တာကြောင့် အမျိုးသမီး (၁) ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၂) အိမ် ပျက်စီးသွားခဲ့ပါသေးတယ်။
သီပေါမြို့မှာ သြဂုတ်လ (၁) ရက်နေ့ကနေ (၁၉)နေ့အထိ စစ်ကောင်စီရဲ့ အရပ်သားတွေရှိရာကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၄) ယောက် သေဆုံးပြီး (၄၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
MK-015












