မဲခေါင်၊ သြဂုတ် ၁၄
ရှမ်းမြောက်၊ သီပေါမြို့ကို မနေ့ သြဂုတ်လ ၁၃ ရက်နေ့လည် ၂ နာရီကျော်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာမှာ သံဃာတော်နဲ့သီလရှင် တချို့ ထိခိုက်ဒဏ်ရာရတွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီပေါမြို့၊ မြို့လယ်ကျောင်းတိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာ ကျောင်းတိုက်ပျက်စီးသွားသလို သံဃာတော်နဲ့သီလရှင်တစ်ချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တာပါ။
စစ်ကောင်စီတပ်ရင်း ခလရ-၂၃ မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက Jet Fighter နဲ့ ၁ ကြိမ်၊ Y12 နဲ့ ၈ ကြိမ်ဗုံး ၄၄ လုံး ကြဲချခဲ့တယ်လို့ TNLA သတင်းက ဖော်ပြပါတယ်။




ထိခိုက် ဒဏ်ရာရသူ စာရင်းနဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပေမယ့် တွေ့ရှိတဲ့ ပုံတွေအရ ကျောင်းဆောင် ၁ခုလုံး ပျက်စီးသွားပြီး သီလရှင် တစ်ပါး ညာခြေထောက်ဒဏ်ရာထိထားလို့ သယ်ဆောင်နေတာ တွေ့ရပါတယ်။
တော်ရုံဆို ဘာပဲဖြစ်ဖြစ် ရတဲ့ အချိန် အမြဲဆက်သွယ်လာတဲ့ သူတွေ၊ မနက်၊ နေ့လယ် ၊ ညခင်း သတင်းပုံမှန် ပို့တဲ့ ကြက်ခြေနီနဲ့ လူမှုကူညီရေးအသင်းက လူတွေ ဆက်သွယ်မလာလို့ သီပေါမြို့အခြေအနေမှာ ပိုမိုစိုးရိမ်စရာဖြစ်နေပြီလို့် သီပေါဒေသခံ တစ်ဦးက ပြောပါတယ်။
လူမှုကွန်ရက်သတင်းတွေမှာတော့ ဖုန်းအဆက်အသွယ်များ ပြတ်တောက်နေလို့ သီပေါမှာ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို စိုးရိမ်ပူပန်မှုတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ပြောနေကြတာတွေ့ရသလို အဆက်အသွယ် ခဏရတဲ့သူတွေကတော့ ယနေ့ သြဂုတ်လ ၁၄ ရက် မနက် ၉နာရီမှာ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။
သီပေါမြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ သြဂုတ်လ ၁၀ ရက်နေ့စပြီး အရပ်သားပြည်သူ ထိခိုက်မှုတွေမှာ သံဃာနဲ့ သီလရှင်တွေအပါ သက်ကြီးရွယ်အို အဖိုးအဖွားတွေနဲ့ ကလေးသူငယ်တွေ သေဆုံးရသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ယခု သီလရှင်အပါ ၁၂ ဦးရှိနေပြီဖြစ်ပြီး စာရင်းမရသေးတာတွေနဲ့ တကယ့်မြေပြင်မှာ ယခုထက် ပိုမိုနိုင်မှာ ဖြစ်ပါတယ်။
MK-012








