မဲခေါင်၊ သြဂုတ် ၁၂
ရှမ်းမြောက်၊ သီပေါမြို့ကို စစ်ကောင်စီက ဗုံးအမြောက်အများကြဲချနေလို့ ပြည်သူသေဆုံးမှုတွေဖြစ်ပေါ်လာနေပြီး စစ်ဘေးရှောင်မယ့် မြို့တွင်းကျန် ပြည်သူတွေကို နောင်ပိန်ကမ်းလင့်လက် အပါအဝင် ပရဟိတသမားတွေက ကားတွေနဲ့ ကယ်ဆယ်ခေါ်ထုတ်နေတယ်လို့ သိရပါတယ်။
သီပေါမြို့ ခလရ-၂၃ တပ်စခန်းနေရာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ၁၂ ကြိမ်၊ ဗုံးအလုံး ၈၅ လုံးကြဲချခဲ့တာအပြင် လေယာဉ်နဲ့ဘဲ ထောက်ပို့ပစ္စည်းတွေ ၅ ကြိမ်ကြဲချခဲ့တယ်လို့ မနေ့သြဂုတ် ၁၁ ရက် ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ သြဂုတ်လ ၁၂ ရက် မနက် ၇ နာရီကျော်အထိ စစ်ကောင်စီတပ်တွေရှိတဲ့ ဘက်မှာ တိုက်ပွဲဖြစ်သံကြားနေရပြီး လေယာဉ်လာပေမယ့် မြို့ပေါ်အထိအခိုက်မရှိဘူးလို့ သိရပြီး မြို့ပေါ်မှာ စစ်ဘေးမရှောင်ဘဲ ကျန်နေသူတွေကို လူမှုကူညီရေးအသင်းတွေက လာခေါ်တဲ့ကားတွေနဲ့လိုက်လာကြဖို့၊ မြို့ပြင်ဘက်ကို ထွက်စောင့်ကြဖို့နဲ့ တွယ်ကပ်မနေကြဖို့ လှုံ့ဆော်တိုက်တွန်းနေကြပါတယ်။
“သီပေါက လောလောဆယ် အသင်းရုံးမှာ လူ ၁၇၀ လောက်ရှိနေပြီ၊ ကားတွေနဲ့ မြို့မှာကျန်နေသူတွေကို တွယ်ကပ်မနေဘဲ စစ်ရှောင်ကြဖို့ ဒီမနက်ပဲ ကားတွေသွားခေါ်နေကြတယ်၊ စစ်ပွဲက တဖြည်းဖြည်း အရှိန်မြင့်လာပြီး စစ်တပ်တွေကျသွားခဲ့ပြီးတောင်မှ မြို့ကို ဗုံးကြဲနိုင်လို့ အသက်ဘေးအပတွက် လွတ်ရာမှာ စစ်ရှောင်နိုင်ဖို့ ပရဟိတသမားတွေ အသက်ကိုမငဲ့ဘဲ ကူညီနေကြတာပါ”လို့ ကျောက်မဲ ပရဟိတအဖွဲ့ဝင် တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
သြဂုတ်လ ၁၁ ရက် ညနေ ၆ နာရီကျော် သီပေါမြို့နယ် ကြက်ခြေနီအသင်းကရရှိတဲ့သတင်းအရ စစ်ကောင်စီဟာ ညနေ ၃-၄ နာရီကြားမှာ Y-12 နဲ့ ဗုံးကြဲလို့ မြို့လယ်ဓမ္မာရုံနားက ရွှေစေတီပေါ်ကျပြီး ရဟန်း ၁ ပါး၊ သီလရှင် ၁ ပါးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တာပုတ်ရွာကိုလည်း ဗုံးကြဲလို့ အဘွားအို ၁ ဦး သေဆုံးပြီး အခြားအဘွားအို ၁ ဦး ကျောရိုး ထိ စိုးရိမ်ရဒဏ်ရာ ရထားတယ်လို့ ဆိုပါတယ်။ ခလရ-၂၃ က လှမ်းပစ်တဲ့ လက်နက်ကြီးကျည်တွေက ဆေးရုံကြီးနားကျလို့ ဆေးရုံပို့ဖို့တောင်အခက်အခဲဖြစ်နေတယ်လို့ သိရပြီး စစ်တပ်က တိုက်ပွဲဧရိယာအပြင် မြို့ပတ်ပတ်လည်ကို drop bomb လိုက်ချနေတဲ့အတွက် ထိခိုက်သေဆုံး အရေအတွက် ပိုများနိုင်ပြီး မြေပြင်နဲ့စာရင်းကွဲလွဲနိုင်တယ်လို့ ဆိုပါတယ်။
အခြားလူမှုကွန်ရက်မှာတော့ သီပေါမြို့လယ်ခေါင်၊ ရှေ့ဆောင်ဘဏ်၊ မြမိုးစံ၊ မိုးဇလ၊ ဆန်ရောင်းတဲ့ပလောင်တိုက်၊ ရှမ်းဟော်ဘက်တို့မှာ လေယာဉ်ဗုံးကျခဲ့တယ်လို့ သိရပြီး တုံစင့် တကြော လေယာဉ်ဗုံးဒဏ်ခံရတာမှာ ရထားလမ်းအကျော် လမ်းကြားဗုံးကျလို့ ၃ထပ်တိုက်အဖြူနဲ့ကားတွေပါ ပျက်စီးကာ အုတ်ကျင်းရပ်ကွက်ရုံးနောက်မှာ လူ၁ ဦးသေဆုံးပြီး အခြားလူတချို့တွေထိတယ်ဆိုကာရွှေကျောင်းဘက် စစ်ဘေး ရှောင်စခန်းဘက်မှာတော့ လောလောဆယ် အထိအခိုက်မရှိ သေးဘူးလို့ သိရပါတယ်။
လက်ရှိ သြဂုတ်လ-၁၂ ရက် မနက် ၈ ကျော်အထိ သီပေါက ခလရ-၂၃၊ ခမရ-၅၀၃၊ ၅၀၄ တို့ကို TNLA,PDF မဟာမိတ်တပ်တွေတိုက်နေတာမှာ စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတာမှာ မြို့ထဲ ဗုံးတွေကျလို့ မြို့လူထု သေကြေ၊ ထိခိုက်နေတာဖြစ်ပြီး မြို့ထဲ ကျန်နေသူတွေကို ပရဟိတ သမားတွေက ကယ်ထုတ်နေတာဖြစ်ပါတယ်။
MK-012








