မဲခေါင်၊ သြဂုတ် ၅
မန္တလေးတိုင်း၊ မိုးကုတ် – မန္တလေးလမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက မဟာမိတ်တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားခဲ့ပေမယ့် ဒီနေ့ ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ပြန်ဖွင့်ပေးလိုက်ပြီလို့ စုံစမ်း သိရပါတယ်။
ယာဉ်မောင်းတွေဖက်က ကားခဈေးကစားနေတာကြောင့် မဟာမိတ်တော်လှန်ရေး အင်အားစုတွေက ဈေးနှုန်းပြန်ကျလာဖို့အတွက် ရက်အနည်းငယ် ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
“ကားခဈေးကတော့ ကျတော့မယ်လို့ ကြားတယ်။ ကျနော့်မိဘတွေ ကျန်နေတာတောင် မိုးကုတ် – ရန်ကုန်ကို တစ်ယောက် ၆ သိန်းဆိုလို့ မခေါ်နိုင်သေးဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
အရင်က မိုးကုတ် – မန္တလေး ကားခဈေးနှုန်းဟာ ၅ သိန်း – ၆ သိန်း ဝန်းကျင်ခန့် ရှိခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်း လမ်းဖွင့်ပေးပြီးတဲ့ နောက်မှာတော့ တော်လှန်ရေးအင်အားစုတွေက ၅ သိန်းတောင်းတဲ့ ကားတွေကို ကားခ ၂ သိန်းခွဲ ပြန်အမ်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
လမ်းပြန်ဖွင့်ပေးလိုက်ပေမယ့် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အပြင်မထွက်ရ အမိန့် ထုတ်ထားတာကြောင့် သွားလာသူ မရှိသလောက် နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။
“တစ်ယောက် ၆ သိန်းတောင်းပြီး ၇ ယောက်အထိ တင်နေတာ။ လူက ငါးပိသိပ်ထည့်သလိုပဲ။ ပစ္စည်းကလည်း အပြည့်တင်သေး။ ကားသမားတွေ တကယ်လက်လန်တယ်” လို့ မိုးကုတ်မြို့တွင်း ကျန်ရှိနေသေးသူ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF တို့ ပူးပေါင်း ထိန်းချုပ်ထားပြီး ဒီတစ်ပတ်အတွင်း မြို့ခံလူငယ်အများစုက တော်လှန်ရေး အဖွဲ့တွေဆီကို ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။
MK-014








