မဲခေါင်၊ ဩဂုတ် ၂
လားရှိုး ရမခ တိုင်းဝန်းနဲ့ကပ်လျက်ရှိတဲ့ စစ်ဆေးရုံကနေ လူနာနဲ့ သက်ကြီးရွယ်အို ၄၀၀ ကျော်ကို ကိုးကန်နဲ့ မဟာမိတ်တပ်တွေက ကယ်ထုတ်လာတဲ့ ရုပ်သံဖိုင် ဒီနေ့ ဩဂုတ်လ ၂ရက် ညနေပိုင်းမှာ ထွက်ပေါ်လာပါတယ်။
စစ်တပ်ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေက လားရှိုးစစ်ဆေးရုံမှာ ကလေးသူငယ်၊ လူနာ၊ ဆရာဝန်၊ သူနာပြု ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝါဒဖြန့်မှုတွေရှိလာပြီးနောက်မှာ အခုလို ကယ်ထုတ်နေတဲ့ ဗီဒီယိုထွက်ပေါ်လာတာဖြစ်ပါတယ်။
ရမခ တိုင်းဝန်းနဲ့ ကပ်လျက်ရှိတဲ့ ဒီစစ်ဆေးရုံကနေ လူနာတွေ ထွက်လာတဲ့ ရုပ်သံဖိုင်မှာ ဒဏ်ရာရသူ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို ၄၀၀ နီးပါးကို ကိုးကန်နဲ့ မဟာမိတ်တပ်တွေက စောင့်ရှောက်ကယ်ထုတ်လာတာကိုတွေ့ရပြီး ပတ်ဝန်းကျင်မှာလည်း ပစ်ခတ်သံတွေ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲသံတွေကို ကြားနေရပါတယ်။
ဒီရုပ်သံမှတ်တမ်းကို ဘယ်နေ့က ရိုက်ကူးထားတယ်ဆိုတာ မဲခေါင်သတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပေမယ့် ပတ်ဝန်းကျင်အခြေအနေအရ ဒီရက်ပိုင်းအတွင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
“ ရမခနဲ့ ကပ်လျက် စစ်ဆေးရုံကနေ ကယ်ထုတ်ပြီး နေရာပြောင်းပေးနေတာပါ။ စစ်တပ်ဘက်က ဝါဒဖြန့်ပြီးနောက်မှာ ဒီလို မှတ်တမ်းထွက်လာတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် အထိနာနေချိန် စစ်ကောင်စီရဲ့ လူမှုကွန်ယက်အကောင့်တွေ၊ စစ်ကောင်စီလော်ဘီမီဒီယာတွေကနေ ချိန်သားကိုက် ဝါဒဖြန့်မှုတွေလုပ်ဆောင်နေပြီး ဘာသာရေး၊ လူမျိုးရေးနဲ့သာမက လူမှုရေးကိစ္စရပ်တွေနဲ့ပါ ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။











