မဲခေါင်၊ သြဂုတ် ၂
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းက စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်တဲ့ တိုက်ပွဲတွေမှာ တအာင်းတပ် TNLA နဲ့အတူ တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို မိုးမိတ်ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။
မိုးမိတ်မြို့ကို ဇူလိုင် ၂၅ ရက်နဲ့နေ့မှာ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်မှာ မြိုနယ်တွင်းမှ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်လိုက်လို့ မိုးမိတ်မြို့အား တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။



PLA ဟာ လားရှိုးက တိုက်ပွဲတွေမှာလည်း ကိုးကန့်တပ် MNDAA၊ BPLA တို့နဲ့အတူ တိုက်ပွဲဝင်နေပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။
မိုးမိတ်မြို့နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေအပါ စစ်ကောင်စီရဲ့ လက်နက်အများအပြားကို သိမ်းမိတယ်လို့ TNLA က မနေ့မှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ PLA ဟာ စစ်ကိုင်းနဲ့ တနင်္သာရီ၊ တအာင်းနဲ့ ကိုးကန့်ဒေသတွေမှာ စစ်ဒေသ ၄ ခုသတ်မှတ်ပြီး လှုပ်ရှားနေပါတယ်။
PLA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ MoD (ကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ လက်အောက်ခံတပ်မဟုတ်ပေမယ့် အဆင့်ဆင့်ကွပ်ကဲမှုအောက်မှာ ရှိနေပြီး KIA၊ MNDAA၊ TNLA၊ BPLA တို့နဲ့လည်း ဆက်ဆံရေးကောင်းရှိနေပါတယ်။











