မဲခေါင်၊ ဇူလိုင် ၃၀
ကရင်နီပြည်အခြေစိုက်၊ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSRY Eagle Force-1008) တပ်ရင်းက တိုက်ပွဲခြေလှမ်းသစ် စတင်ဖို့အတွက် “Step By Step” ပရောဂျက် စတင်လိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။
ပရောဂျက်ကာလကို ဇူလိုင်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၉ ရက်နေ့အထိ သတ်မှတ်ထားပြီး Target လျာထားချက်အနေနဲ့ သိန်း ၂ ထောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလမှာ နေရာတော်တော်များများ မိုးတွေသည်းနေသလို အာဏာသိမ်းစစ်ကောင်စီနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ နေရာတော်တော်များများမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အဲ့ဒီထဲမှာ SSRY Eagle Force ကလည်း မဟာမိတ်တွေနဲ့ လက်တွဲပြီး ရှမ်း-ကရင်နီ နယ်စပ်တွေမှာ စစ်ကောင်စီတွေကို အမြစ်ပြတ်ချေမှုန်းနေကြပါတယ်လို့ SSRY က ဆိုပါတယ်။
တိုက်ပွဲရဲ့သဘောသဘာဝအရ အထိအခိုက်များသလို လိုအပ်ချက်တွေလည်း အမြဲကြုံတွေ့နေရတာကြောင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာတွေဟာလည်း ပြတ်လပ်မှုတွေ ရှိနေပြီး အခုလို ပရောဂျက် ပြုလုပ်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပရောဂျက်ကာလမှာ လူတစ်ဦးတစ်ယောက်စီတိုင်း ကိုယ်တတ်နိုင်တဲ့ ပမာဏအလျောက် ပါဝင်နိုင်ပြီး One-to-One CDM Campaign, Khine SG, Myanmar Care Group (MCG), Support for Myanmar (AUSG4MM), Unity For Democracy-JPN, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီ ဂျပန်ဠာနခွဲ, နွေဦးထောက်ပို့ & Support to Spring, နွေဦးအားမာန် နဲ့ ရာဇာ (YZ) စတဲ့ ပေ့ချ်တွေမှာ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။
SSRY ဟာ ရှမ်းပြည်တောင်ပိုင်းဒေသက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းတစ်ခု ဖြစ်ပါတယ်။
MK-015








