မဲခေါင်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ အလေးအနက်တိုက်တွန်းကြောင်း UWSA က မနေ့ (ဇူလိုင် ၂၉) ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး `၀’ပြည်နယ်အနေနဲ့ သမိုင်းအတွေ့အကြုံသင်ခန်းစာကိုယူပြီး တိုင်းရင်းသားပေါင်းစုံရဲ့ အကျိုးစီးပွားကို စဉ်းစားကာ မည်သည့်အဖွဲ့အစည်းရဲ့ စစ်ရေးပဋိပက္ခတွင်မှ ပါဝင်မှုမပြုလုပ်၊ စစ်မီးမမွှေးဘူးဆိုတဲ့ ဘက်မလိုက်မူဝါဒကို ဆုံးဖြတ်အတည်ပြုခဲ့တာကို အချိန်ကာလနဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံတစ်ခုလုံး ပြိုကွဲမယ့်အနေအထားကိုရောက်ရှိနေကာ ပြည်သူလူထုရဲ့ နေထိုင်မှုဘဝ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ဘဝမှ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရန်မျှော်လင့်ပြီး ဘဝပုံမှန်လည်ပတ်စေလိုတဲ့ ဆန္ဒတွေ ပိုမိုပြင်းပြနေကြတယ်လို့ ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုကြားအကွဲအပြဲ ပိုမိုနက်ရှိုင်းလာမှာဖြစ်ပြီး ပြည်သူလူထုလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုတာ၊ ကိုယ့်အကျိုးစီးပွား တစ်ခုအပေါ်သာ ရပ်တည်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို လျစ်လျူမရှုသင့်ဘူးလို့ ဆိုပါတယ်။
စစ်ရေးပဋိပက္ခကြောင့် ထိခိုက်သွားတဲ့ ပြည်သူလူထုအကျိုးစီးပွားတွေ ပြန်လည်နလန်ထူစေရန်နဲ့ နေရပ်စွန့်ပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစွာနဲ့ နေရပ်ပြန်ရောက်စေရေးအတွက် ပဋိပက္ခပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
MK-012








