မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းမှာ လုံခြုံရေးကင်းလှည့်တဲ့ ဓာတ်ပုံတွေကို ကိုးကန့်တပ် MNDAA က ဒီနေ့ (ဇူလိုင် ၂၉) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ဇူလိုင် ၂၅ ရက်မှာ သိမ်းပိုက်ပြီးနောက် စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းကာ အခုလိုကင်းလှည့်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို MNDAA က ထုတ်ပြန်လိုက်တာပါ။
MNDAA ရဲ့ ထုတ်ပြန်ချက်မှာတော့ အထူးအုပ်ချုပ်ရေးဒေသ (၁) ရဲစခန်းမှ လုံခြုံရေးအသင်းဝင်များ လားရှိုးမြို့ ပြည်သူ့လုံခြုံရေးအတွက် စတင်တာဝန်ယူ လုပ်ဆောင်တယ်လို့ ရေးသားဖော်ပြပါတယ်။




လားရှိုးမြို့က စစ်ကောင်စီရဲ့ ခလရ-၆၈၊ ရဲစခန်း၊ မီးသတ်တပ်ဖွဲ့၊ ဆေးရုံ၊ အသံလွှင့်ကုန်း၊ မီးရထားဘူတာနဲ့ ဌာနဆိုင်ရာ အများစုကို MNDAA က သိမ်းပိုက်ပြီးနောက် လုံခြုံရေးအတွက် ကင်းလှည့်တဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်တာပါ။
မြို့တွင်းနေရာအများစုကို သိမ်းပိုက်ထားတဲ့ ဓာတ်ပုံတွေ ထုတ်ပြန်ပေမယ့် ရခမ ကို သိမ်းပိုက်လိုက်တဲ့ ဓာတ်ပုံတွေတော့ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရမခ မကျသေးဘဲ အခုထိ ခုခံတိုက်ခိုက်နေတယ်လို့ ရေးသားပြောဆိုကြပါတယ်။
လားရှိုးထောင်ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီး နိုင်ငံရေးအကျဥ်းသား ၂၀၀ နဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောကြားထားပါတယ်။











