မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ ဗျူဟာကုန်းမှာ မနေ့ ဇူလိုင် ၂၉ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) လက်အောက်ခံ ခလရ (၃၄၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ မနေ့ ည ၅ နာရီခွဲ အချိန်ခန့်ကလည်း မိုးမိတ်မြို့၊ ခလရ ၂၇၆ နဲ့ ညောင်ပင်ဆောက်စခန်းရှိ ခလရ(၂၂၃)တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပေမယ့် ၂ ဖက် အထိခိုက် ကျဆုံးမှုတော့ TNLA က ဖော်ပြထားတာမျိုး မရှိပါဘူး။
ဒါ့အပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း ညနေ ၅ နာရီခန့်က TNLA ကနယ်မြေရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တချို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနတ် ၄ လက်၊ လက်ပစ်ဗုံး၊ RPG နဲ့ ငါးကျင်းမြှီးစတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်သုံးပန်း ၂ ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂၊ (၃၄) ရက်မြောက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂) တပ်ရင်းတို့နဲ့လည်း လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းတို့မှာ မနေ့ မနက် ၈ နာရီ ဝန်းကျင်ခန့်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-015










