မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းမြောက် လားရှိုးမှာ ကိုးကန့်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်အချို့ ခုခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ယနေ့ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဦးစီးချုပ် ဦးစီးခုခံနေတဲ့ လားရှိုးထောင်ဘက်မှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ စစ်ဘက်အရင်းအမြစ်နဲ့ မြေပြင်သတင်းတွေအရ သိရပါတယ်။
ဆင်တောင်ကိုတော့ MNDAA တပ်တွေ နေရာဝင်ယူထားပြီးဖြစ်ပြီး သာသနာ ၂၅၀၀ ရန်အောင်မြင်စေတီကုန်းနဲ့ လားရှိုးအကျဉ်းထောင်ဘက်မှာ အပြင်းအထန်တိုက်စစ် ဖွင့်နေတာဖြစ်ပေမယ့် ထောင်ကို မထိခိုက်ဖို့ အတွက် တိုက်ခိုက်ရခက်ခဲနေမယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။


“အကျဉ်းထောင်ကို မထိခိုက်ဖို့ ညွှန်ကြားချက်ရထားတဲ့ ကိုးကန့်နဲ့ပူးပေါင်း တပ်တွေ လုပ်ရကိုင်ရ အနည်းငယ်ခက်လိမ့်မယ်” လို့ စစ်ရေး သတင်းတွေ လှုမှုကွန်ရက်မှာ နေ့စဉ်ဖော်ပြနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
ထောင်ဝန်ထမ်းအကြီးပိုင်းတွေကတော့ တောင်ကြီးကို ထွက်ပြေးသွားတာ ရောက်သွားပြီလို့ ဆိုတာကြောင့် စစ်ကောင်စီသုံးတဲ့ ရှမ်းမြောက်- ရှမ်းတောင်လမ်းကြောင်း ကောင်းနေတယ်လို့သူက သုံးသပ်ပါတယ်။
လားရှိုးမှာ လက်ကျန်တပ်တွေအနေနဲ့ ဝတရ-၁ (ဝန်တင်တပ်ရင်း)၊ တကရ-၆၀၀၇(တင့်ကားတပ်ရင်း)၊ အဆရ-၇(အဆင့်မြင့်ဆက်သွယ် ရေးတပ်ရင်း၊ အကျဉ်းထောင်၊ လစရ-၇ (လျှပ်စစ်နဲ့စက်မှုအင်ဂျင်နီယာတပ်ရင်း)၊ လေတပ်ဆွယ်၊ အမတ-၃၄၆(အမြောက်တပ်ရင်း)၊ ထပရ-၆၂၆(ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ရင်း)၊ ရမခ တိုင်းစစ်ဌာနချုပ် တွေက ပြန့်ကြဲနေတဲ့ အင်အားတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လားရှိုးစျေးကြီးကတော့ မနေ့ဇူလိုင် ၂၇ ရက်ကတဲက လောင်နေတဲ့မီးဟာ ငြိမ်းသူမရှိလို့ ယနေ့မနက်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ကောင်းခါးနဲ့ အောင်သစ္စာဘက်တွေမှာလည်း မီးလောင်နေတယ်လို့ သိရပါတယ်။
ရပ်ကွက်-၁ နယ်မြေ-၇ အေးချမ်းသာယာ ၂လမ်း၊ ခေါက်ဆွဲဆိုင်ရှေ့အိမ်မီးလောင်နေတာကို စစ်တပ်ကပေးမဝင်လို့ မီးငြိမ်းခွင့်မရဘူးလို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးကြပါတယ်။
လားရှိုးတောင်ပေါ်ဘုရားက ဆက်သွယ်ရေး MPT တာဝါတိုင်ထပ်ကျိုးပြီး Mytel ရုံးမီးလောင်သွားလို့ အင်တာနက်၊ ကေဘယ်လိုင်းတွေ ပြတ်တောက်တာကြောင့် ဖုန်းလိုင်းတွေ ခက်ခဲနေပါတယ်။
လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကနေ ယနေ့ဇူလိုင်လ ၂၈ ရက် အတွင်း လားရှိုးမြို့ရဲ့ တစ်ဝက်ခန့်ကို ကိုးကန့်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်စီးနင်းသိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
MK-012








