မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁)နဲ့ ခြေမြန်တပ်ရင်း (ခမရ ၅၀၁၊ ၅၀၂) တို့မှာ တပ်စွဲထားတဲ့ လွယ်ခွန်တောင်နဲ့ တာဝါတိုင်စခန်းကုန်းတို့ကို ဒီနေ့ (ဇူလိုင် ၂၇) နေ့လည် ၁၂ နာရီခန့်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က လိုက်လံရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ မိုးမိတ်မြို့မှာလည်း ဒီနေ့ မနက် ၆ နာရီခန့်က ဒိုးပင်နဲ့ ညောင်ပင်ဆောက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ စကခ ၂၁ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၂၇၆) တပ်စခန်းမှာ ၂ ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီခန့်မှာလည်း ခလရ ၂၂၃၊ ခလရ ၃၄၈ တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့မှာလည်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား တချို့ကို လိုက်လံရှင်းလင်းရာမှာ သေနတ် ၄ လက် နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မိုးကုတ်နဲ့ နောင်ချိုမြို့ကို TNLA က အလုံးစုံ သိမ်းပိုက်ထားပြီး ကျောက်မဲမြို့ကိုတော့ ထိန်းချုပ်ထားနိုင်ပေမယ့် အလုံးစုံ မရရှိသေးဘူးလို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
MK-015








