မဲခေါင်၊ ဇူလိုင် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ MNDAA က ဒီမနက်မှာ ကြေငြာခဲ့ပါတယ်။
အဲ့ဒီနောက် လားရှိုးမြို့က ကျန်ရှိတဲ့နေရာတွေနဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးဖို့ရှိသေးတယ်လို့ ဗမာ့လွတ်မြောက်ရေးတပ်ဦး (BPLA) ခေါင်းဆောင် မောင်ဆောင်းခကလည်း လူမှုကွန်ယက်စာမျက်နှာ (facebook) ပေါ်မှာပြောဆိုလာတာကို တွေ့ရပါတယ်။
“လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်” လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေတစ်ဆင့် ပြောဆိုလာခဲ့ပါတယ်။
မနေ့ ဇူလိုင် ၂၄ ညနေပိုင်းကတည်းက လားရှိုးမြို့ရဲ့ တစ်ဝက်ခန့်ကို MNDAA က ရရှိထားပြီး ကျန်တဲ့မြို့ဝင်ပေါက်တွေကို ပိတ်ဆို့ထားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ စစ်ကူမပို့နိုင်တော့ဘဲ လားရှိုးမြို့ကို ကျရှုံးခဲ့တာပဲဖြစ်ပါတယ်။
လားရှိုးမြို့ကို ၂၃ ရက်ကြာတဲ့အထိ MNDAA၊ BPLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ပြီး လတ်တလောမှာတော့ နယ်မြေရှင်းလင်းဖို့နဲ့ ကစဥ့်ကလျားဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
MK-015








