မဲခေါင်၊ ဇူလိုင် ၂၅
ရှမ်းမြောက် လားရှိုးမြို့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းက MNDAA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဖေါ်ပြလာပါတယ်။
၂၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် MNDAA ကိုးကန့်တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၅ ရက် မနက် ၄ နာရီမှာ လုံးဝ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ လွတ်မြောက်မှု တော်လှန်ရေး လှုပ်ရှားမှုဟာ သမိုင်းဝင်အောင်ပွဲတစ်ခုလို့ ဖော်ပြပါရှိပါတယ်။
“ဒုတိုင်းမှူးက ခေါင်းမာနေတာ၊ သူ့ကို လိုက်ဖိုက်နေရလို့ နည်းနည်းကြာသွားတာ”လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကိုယ်တုင် MA3 ကိုင်ပြီး ရဲဘော် ၁၀ ယောက်လောက်နဲ့ တိုက်ခိုက်ခဲ့တာလို့ CDM ဗိုလ်ကြီးဇင်ယော် က ပြောပါတယ်။
လားရှိုးမြို့ကို ဇူလိုင်လ ၂ ရက် ကနေ MNDAA က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခု ဇူလိုင် ၂၅ ရက်မှာ စစ်ကောင်စီရဲ့ ပထမဆုံး စစ်တိုင်းတစ်တိုင်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို မဲခေါင်အနေနဲ့ ဆက်လက်စုစည်းနေပြီး နောက်ဆက်တွဲ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) မှာ မြို့ ၃ မြို့နဲ့ စစ်တိုင်းဌာနချုပ်တစ်ခုတို့ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး TNLA က ဇူလိုင် ၁၀ ရက်နေ့မှာ နောင်ချိုမြို့၊ PDF အဖွဲ့တွေက ဇူလိုင်လ ၁၇ ရက်မှာ စဉ့်ကူးမြို့နဲ့ မနေ့ ဇူလိုင် ၂၄ ရက်မှာ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်ရရှိခဲ့ပြီးနောက် ယခု MNDAA က လားရှိုးက စစ်ဌာနချုပ် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
MK-012








