မဲခေါင်၊ ဇူလိုင် ၂၄
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ရွာသာရွာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို Drop For Justice အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက် အကျအဆုံး ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Shar Htoo Waw နည်းပညာနဲ့ တီထွင်ထားတဲ့ Fixed Wings Drone ၉ စီး၊ ဗုံးသီး ၁၈ လုံးနဲ့ မနေ့ ဇူလိုင် ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီး ၈၀ မမ ၂ လုံး နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး Drop For Justice တပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက် အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒရုန်း ၁ စီး ပျက်စီးဆုံးရူံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ စစ်ဆင်ရေးကို SHAR HTOO WAW နည်းပညာတပ်ဖွဲ့ (Team-6)၊ DFJ-DROP FOR JUSTICE, မြောင်မြို့နယ် CDSOM 001 Drone team, ရွှေဘိုခရိုင် တပ်ရင်း ၁၈ နဲ့ ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်(ဝက်လက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီးတွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှာ မန္တလေး PDF က သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ရွာသာရွာကျေးရွာ အပါအဝင် နီးစပ်ရွာကျေးရွာတွေကို ဆုတ်ခွါသွားပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
MK-014








