မဲခေါင်၊ ဇူလိုင် ၂၃
ရှမ်းမြောက် လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက MNDAA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ၁ ဦးက ဗိုလ်မှူး ၂ ဦးကို အပါအဝင် ဗိုလ်ကြီး ၅ ဦးနဲ့ တပ်သားတွေ စုစုပေါင်း ၃၁၇ ဦးကို ခေါ်ဆောင်ပြီး လက်နက်ချအလင်းဝင်ခဲ့တာလို့ ကိုးကန့်သတင်းစဉ် The Kokang မှာ ယနေ့ဇူလိုင်လ ၂၃ ရက် ညနေပိုင်းမှာ ဖော်ပြလာတာဖြစ်ပါတယ်။
လက်နက်ချအလင်းဝင်လာတာကို MNDAAရဲ့ နိုင်ငံရေးဌာန၊ စည်းရုံးရေးဌာန ညွန်ကြားရေးမှူး Mr.Qi Guangshun ကလက်ခံခဲ့ပြီး တပ်ဖွဲ့ရဲ့ လက်နက်ချဝင်သူတွေ ကိုယ်ရေးကိုယ်တာလုံခြုံရေးနဲ့ ဦးစားပေးမူဝါဒ၊ ဆုကြေးမူဝါဒတွေကို ရှင်းပြပြီး လက်နက်ချသူတွေရဲ့ဆန္ဒကိုမေးမြန်းတဲ့အခါ တော်လှန်ရေးမှာ ပါဝင်လိုတဲ့ ဆန္ဒနဲ့ အာဏာသိမ်းတပ်ကို တိုက်ထုတ်ဖို့ မဟာမိတ်တပ်ဖွဲ့မှာ ပါဝင်လိုကြောင်း ပြောကြတယ်လို့ပါရှိပါတယ်။
MNDAA ရဲ့ မူဝါဒအရ လက်နက်ချသူတွေအတွက် အခြေခံအသက်မွေးဝမ်းကြောင်းနဲ့ လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနဲ့ ဖျားနာနေသူတွေကို အချိန်မီဆေးဝါးကုသမှုပေးခဲ့တယ်လို့ ပါရှိပါတယ်။
နယ်မြေခံ စစ်ကျောင်း(စခတ-၁၁)ကို သိမ်းပိုက်ရရှိစဉ်က အမြောက်တွေ သေနတ်နဲ့ လက်နက်ခဲယမ်းတွေအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါရှိပါတယ်။
လက်ရှိမှာ MNDAAက စခတ-၁၁ ကို အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ-၄၁ နဲ့ ခလရ-၆၈ တွေကို သိမ်းပိုက်လိုက်ပြီဆိုပေမယ့် အပြန်အလှန်ပြန်သိမ်းနေကြကာ ခမရ-၅၀၇ ကိုလည်း သတ်ကွင်းဆင်ပြီး ရုရှလုပ် (Su) တွေနဲ့ လာချပစ်လို့ MNDAA ဘက်က အကျအဆုံးများခဲ့တယ်လို့မြေပြင်သတင်းတွေအရ သိရပါတယ်။
MK-012











