မဲခေါင်၊ ဇူလိုင် ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ ဆည်ခေါင်းကျေးရွာမှာ စစ်ဘေးရှောင်တွေကို ဖုန်းနဲ့ ငွေကြေးတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကိုလည်း ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ စံကားမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲစတင်ကတည်းက စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA)ပူးပေါင်းတပ်တွေက ဆည်ခေါင်း ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲထားပြီး စစ်ဘေးရှောင်တွေကို အခုလို ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။
“ဆည်ခေါင်းက လူကုန်ပြီလေ။ စစ်ရှောင်ရင် အဲက ဖြတ်သွားရတော့ သူတို့က စစ်တာ။ ယောက်ကျားလေးဆို အပေါ်အင်္ကျီချွတ်ရတယ်။ မိန်းကလေးတွေဆို ရင်သားကိုင်တယ်၊ အထဲကို နှိုက်စစ်တယ်။ ဘောင်းဘီထဲ နှိုက်တာလည်း ရှိတယ်” လို့ လင်လန်ရွာခံ တစ်ဦးက ပြောပါတယ်။
ပါလာတဲ့ ငွေကြေးပါသမျှကို သိမ်းဆည်းနေတာကြောင့် စစ်ဘေးရှောင်တွေက ငွေကြေးကို ဖွက်ကာ သယ်ဆောင်နေရပြီး စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေဖက်က အခုလို တင်းတင်းကြပ်ကြပ် စစ်ဆေးတာလို့ ဆိုပါတယ်။
ဆည်ခေါင်းရွာ တောင်ဘက် အဝင်ဝမှာ သာမာန်လောက်သာ စစ်ဆေးပေမယ့် မြောက်ဘက်မှာတော့ လုံခြုံရေး အကြောင်းပြ အင်္ကျီချွတ်ခိုင်းပြီး ဖုန်း၊ ကျောပိုးအိတ်၊ ပိုက်ဆံအိတ်၊ ငွေကြေးတွေကို သိမ်းဆည်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဆီက သိရပါတယ်။
“PNO ရော ဗမာစစ်တပ်ရော တော်တော်ဆိုးတယ်။ ဂိတ်တွေ ဖြတ်ရင် ပိုက်ဆံအများကြီး မသယ်ရဲဘူး။ စစ်ပွဲဖြစ်ရင် ဗမာစစ်တပ်က ထွက်ပြေးကြတယ်။ PNO ပဲတိုက်ရတော့ သူတို့က အသေများတယ်။ ရှေ့တန်းမှာ PNO က နေရာယူထားပြီး ဗမာစစ်တပ်က နောက်က လိုက်တက်တာ” လို့ ဆည်ခေါင်းရွာ အနီးတစ်ဝိုက်မှာ အလုပ် သွားရောက်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
စံကားမြို့၊ ကုန်းသာနဲ့ ဆည်ခေါင်းကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်တွေ တပ်စွဲထားပြီး လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတာ၊ ရိက္ခာစုဆောင်းတာတွေ ကျူးလွန်နေကြတယ်လို့ စုံစမ်း သိရပါတယ်။
MK-015








