မဲခေါင်၊ ဇူလိုင် ၂၂
ရှမ်းပြည်မြောက်ပိုင်း တစ်ခွင်မှာ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လူငယ်ပေါင်း ၁၇၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ ပထမပိုင်းနဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက် ရက်နေ့ စတင်တဲ့ ဒုတိယပိုင်းတွေမှာ ကိုးကန့်ဒေသရှိ ဆယ်တန်၊ ချင်းရွှေဟော်၊ တုံချိန်၊ ပါစင်ကျော်၊ နမ့်တစ်နဲ့ လားရှိုးအဝင် မယ်ဟန် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။
“ကျမတို့ တအာင်းအရပ်ဘက် အဖွဲ့စည်းတွေက ဘာလုပ်လဲဆိုတော့ ကောက်ထားတဲ့ စာရင်းဇယားနဲ့တကွ ဘယ်နေရာမှာ အဖမ်းခံရတယ်။ ဘယ်ရက်၊ ဘယ်ဒေသက လူတွေ ဖြစ်တယ် ဆိုတာကို အတိကျ သူတို့ရဲ့ မှတ်ပုံတင် အမည်တွေနဲ့တကွ သူတို့ဆီ စာပို့ဖူးတယ်။ Offline ရော ဗဟိုရုံးချုပ်ရော။ သူတို့ဘက်က တုံ့ပြန်မှု မရှိတဲ့ အခါကျတော့ ကျမတို့က ဘာလုပ်လဲဆိုတော့ စာတွေကို အွန်လိုင်းပေါ် တင်တာမျိုးတွေ တခြားသော သူတွေ သိအောင်ပေါ့” လို့ TWO ရဲ့ သတင်းအချက်အလက် စုဆောင်းရေး ရုံးတာဝန်ခံ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ မူဆယ်၊ တန့်ယန်း၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေက အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ပြီး အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်လည်း တချို့ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ တအာင်းလူငယ် အများစုနဲ့ တအာင်း၊ ရှမ်း၊ တရုတ်၊ လီဆူလူမျိုးတွေ လူနည်းစု ပါဝင်ပြီး “ဝ”ဒေသနယ်စပ်က စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ထားတယ်လို့ လွတ်မြောက်လာသူ တချို့ဆီက သိရပါတယ်။
“ကျမတို့က ရပ်ထားမှာတော့ မဟုတ်ဘူး။ အခု ၁၀၂၇ ဒုတိယပိုင်းမှာလည်း လူငယ်တွေ အများကြီး ပြန်ဖမ်းဆီးတာတွေ ဖြစ်လာတယ်။ သူတို့ ဖမ်းခေါ်ထားတဲ့ လူဦးရေ၊ ဘယ်နေရာမှာ၊ ဘယ်သူတွေကို ဖမ်းဆီးတယ် ဆိုတာ ပြန်ကောက်သွားမယ်ပေါ့နော်။ သူတို့ဘက်ကလည်း သူတို့ စစ်သားတွေ လူကောက်တယ်ဆိုရင် တိုင်လို့ရတဲ့ ဖုန်းနံပါတ်တွေ ကြေညာထားတာတော့ ရှိတယ်။ အခုလိုမျိုး အောက်ခြေမှာ ဖြစ်နေတာတွေကို ပြောပြထားတာတော့ မရှိဘူး” လို့ TWO ရဲ့ ရုံးတာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က တောင်းဆိုခဲ့ရာ ၁၀ ဦးကျော် ပြန်လွှတ်ပေးခဲ့ပြီး ဖုန်းလိုင်းအဆင် မပြေမှုတွေကြောင့် နောက်ဆက်တွဲ အခြေအနေကို စုံစမ်းလို့ မရသေးဘူးလို့ TWO က ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနက MNDAA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။
MK-014








