မဲခေါင်၊ ဇူလိုင် ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြား ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ် ၁ ဦး အကူအညီအချိန်မီမရနိုင်ခဲ့လို့ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇူလိုင်လ ၂၁ ရက် က ကျောက်မဲမြို့၊ နမ့်ဟူးတောင်းအထက်ရွာမှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး စစ်ကောင်စီရဲ့လက်နက်ကြီးထိလို့ ခြေထောက်ပြတ်သွားတဲ့ ဒဏ်ရာရခဲ့တာကို အကူအညီပေးဖို့သွားပေမယ့် လမ်းခရီး အခြေအနေကြောင့် အချိန်မီမရောက်နိုင်ခဲ့ဘို့ သွေးထွက်လွန်ပြီး သေသွားခဲ့ရတာလို့ သိရပါတယ်။
သေဆုံးတဲ့ကလေးငယ်ဟာ နမ့်ဟူးတောင်း အထက်ရွာနေ ဦးထွန်းဆာ၊ ဒေါ်ဦးဆာတို့ရဲ့အသက် ၄ နှစ်အရွယ်မြေးလေးဖြစ်တယ်လို့ သိရပြီး နမ့်ဟူးတောင်းကြက်ခြေနီအဖွဲ့က သွားဖို့ကြိုးစားခဲ့ပေမယ့် လမ်းတွေအကုန်ပိတ် တိုက်ပွဲဖြစ်နေလို့ အချိန်မီမသွားနိုင်ခဲ့တာကြောင့် မနေ့ ဇူလိုင်၂၁ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။
အလားတူ မနေ့ညနေပိုင်းမှာပဲ ရပ်ကွက်-၂ နမ့်တုံရပ်၊ မိုးယိင်းအိမ်ပေါ် လက်နက်ကျလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးလည်း သေဆုံးသွားပြီလို့ သိရပါတယ်။
၂၀ ရက်နေ့ကလည်း အမျိုးသမီး ၁ ဦး အိမ်ပြန်မလာလို့ လိုက်ရှာခါမှ အမှတ် ၁၀ ကျောင်းနားမှာ ကျည်ထိလို့ သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။
“သူက ပြန်မလာလို့ တိုက်ပွဲသံတွေ ငြိမ်သွားမှလိုက်ရှာရတာ၊ သူသေနတ်မှန်သေနေတာကို တွေ့ရတာ၊ ဟိုတနေ့ကပဲ သူနဲ့စကားပြောဖြစ်လိုက်သေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယင်း နမ့်ဟူးတောင်အထက်ရွာ တရုတ်စာသင်ကျောင်းနားလက်နက်ကြီးကျပေမယ့် လူထိခိုက်မှုမရှိပေမယ့် အိမ်အချို့ပျက်စီးကာရပ်ကွက်-၈ က ကိုကျော်အေး သံပန်းတံခါး ဆိုင်လဲ လက်နက်ကြီးကျလို့ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်မဲမှာ ပြင်ပဒဏ်ရာတွေလောက်ကိုသာ ခိုမုန်းရွာက ကျန်းမာရေးဆရာမကြီးက ကူညီနိုင်ပြီး အတွင်းဒဏ်ရာတွေဆို နောင်ပိန်က မန္တလေး သွားမှသာ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
လူနာတွေ သွေးလိုအပ်မှုရှိရင် ကျောက်မဲအောင်မြေသာယာက ကူညီပေးနေတယ်လို့ သိရပါတယ်။
ကျောက်မဲ နောင်ပိန်လေးဘက်မှာတော့ ဝပ်ဝါးဖာဆေ စေတီတော် နဲ့ လူနေအိမ်တွေ ပျက်စီးပြီး နေအိမ်တွေဖောက်ထွင်းခိုးယူခံနေရသလို သေဆုံးသူတွေကို အိမ်ခြံဝန်းအတွင်းသာ မြုပ်နှံထားရပြီး မကောက်နိုင်သေးတဲ့ သေဆုံးနေသူတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
မနေ့ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက စခဲ့တဲ့ မြို့တွင်းတိုက်ပွဲတွေဟာ ကျောက်မဲမြို့ရဲ့ အောင်ဆန်းလမ်းတကြောနဲ့ ရှမ်းကျောင်းကြီးတစ်၀ိုက်၊ ကျောက်တောင်ပေါက်ကုန်းဘက်မှာ ဆက်တိုက်ပစ်ခတ်ခဲ့ကြပြီး jet Fighter ၁ စီး ပတ္တမြားတောင်ဘက် ဗုံး ၁ လုံး ချသွားခဲ့ကာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး ယနေ့ မနက် ဇူလိုင် ၂၂ ရက် မနက်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်မဲမြို့ စစ်ကာင်စီတပ် ခမရ-၅၀၁၊ ၅၀၂ နဲ့ စကခ-၁ တို့ ကျန်ရှိနေပြီး မနေ့ကအထိ TNLA နဲ့ မဟာမိတ်တွေက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။
MK-012








