မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။
မနေ့ ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီခန့်က က စစ်ကောင်စီက သိန္နီစျေးဆိုင်တန်းကို ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ဆိုင်ထဲမှာ ရှိနေတဲ့ စိုင်းထွန်းကြည် ၅၅ နှစ်ဟာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားတာဖြစ်ပြီး ယနေ့ဇူလိုင်လ ၁၉ ရက်နေ့မှာ သေဆုံးသွားတာလို့ သိရပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘဲ မြို့ထဲ ဈေးဆိုင်တန်း လူစည်ကားတဲ့နေရာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ သူ့အမျိုးသမီးဆုံးတာမကြာသေးဘူး သူပါ အခု ဗုံးထိလို့ သေရတယ်။”လို့ SNLD ပါတီဝင် ၁ ဦးက တွဲဖက် အတွင်းရေးမှူးသေဆုံးမှုကို မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီဟာ ဂျက်ဖိုက်တာလေယာဉ်နဲ့ သိန္နီမြိုု့ က မြို့မစျေး၊ အေးရှားဝေါလ် တိုးဂိတ်၊ အားကစားကွင်းအနောက်ဘက်ခြမ်း၊စတဲ့နေရာ ၄ ခုမှာ ဗုံး ၄ လုံးကြဲချသွားတာဖြစ်ပြီး လက်ရှိ သေဆုံးသူ ၇ ဦးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးကျော် ရှိတယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို ကွတ်ခိုင်က ကိုယ်ပိုင်ဆေးရုံတွေကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
MNDAA က လားရှိုးကို တိုက်တဲ့ ဇူလိုင် ၃ ရက်မှာပဲ စစ်ကောင်စီဟာ သိန္နီမြို့ကို ညပိုင်းမှာ MNDAA တွေ အခြေပြုတဲ့ နေရာတွေကို ဗုံး ၃ လုံး ကြဲချခဲ့ပြီး ယခုမှာတော့ အများပြည်သူ လူစည်ကားတဲ့ စျေး၊ တိုးဂိတ်၊ အားကစားးကွင်းနဲ့မြို့ထဲ လူနေရပ်ကွက်တွေအပေါ် ဗုံးကြဲချခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ လားရှိုးမြို့နဲ့ ကျောက်မဲ၊ နောင်ချို စတဲ့မြို့တွေကို တိုက်ခိုက်နေချိန်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ရှိနေတာဖြစ်လို့ သတိထားကြဖို့ CDM ဗိုလ်ကြီး တစ်ဦးက ကြိုတင်သတိပေးထားတာသိရပါတယ်။
စစ်ကောင်စီဟာ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်နဲ့ သိန္နီမြို့တွေကို လေကြောင်းကနေပစ်ခတ် ဖျက်ဆီးနေလို့ ပြည်သူတွေ သေဆုံးထိခိုက်မှုများပြားနေတာဖြစ်ပါတယ်။
MK-012











