မဲခေါင်၊ ဇူလိုင် ၁၉
ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။
လားရှိုးမြို့အထွက် ဟိုပိတ်ရွာမှာ MNDAA နဲ့ မဟာမိတ်တွေ လှုပ်ရှားနေတာဖြစ်လို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ခလရ-၆၈၊ ခမရ-၅၀၇ မန်အိုင်၊ ကုန်းညောင်နဲ့ လွယ်ပြေတောင်တကြောမျာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။
MNDAA ရဲ့ ၄ရက်ကြာ တဖက်သတ် ယာယီအပစ်ရပ်ဆိုင်းတာ ကုန်ဆုံးတဲ့ ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီနောက်ပိုင်းက စပြီး စစ်ရှိန်မြင့်လာတာဖြစ်ပြီး MNDAA နဲ့ မဟာမိတ်တွေဟာ စစ်မျက်နှာ ၅ ခုဖွင့်ကာ နမ့်တွန်း-သိန္နီ-လားရှိုးလမ်းကြောင်း၊ ဟိုပိတ် ခလရ-၆၈မိုင်းတင်-လားရှိုးလမ်းကြောင်း၊ အထက်မန်အိုင် ခမရ-၅၀၇ ကုန်းညောင်-လွယ်ပြေတောင်၊ မိုင်းယော်-လားရှိုးလမ်းကြောင်း၊ မယ်ဟန်=နောင်မွန်-လားရှိုးလမ်းကြောင်းနဲ့ ကြာကန်-နောင်လိုင်-အီနိုင်း လမ်ကြောင်းတို့က ထိုးစစ်ဆင်တိုက်ခိုက်နေသလို ဒရုန်း၊ ဟောင်ဝီဇာ၊ လက်နက်ကြီးတို့ကို အသုံးပြုကာတိုက်ခိုက်နေတာလို့ CDM အရာရှိထံက သိရပါတယ်။
မြို့လူထု ၉၀% ကတော့ စစ်ရှောင်သွားပြီဖြစ်ပြီး မနေ့ကတည်းက ခေးနင်းတိုးဂိတ် အာသောက ဆီပန့်နားအထိ ကိုးကန့်တပ်တွေ နေရာယူထားကာ မြို့ထဲဝင်တဲ့သူတွေကို ပေးမဝင်တော့ဘူးလို့ သိရပါတယ်။
မယ်ဟန်ဘက် မြို့ရှောင်လမ်းဂိတ်နဲ့ တောင်ကြောပေါ်နေရာယူထားတဲ့ မြန်မာစစ်တပ်နေရာမှာ ကိုးကန့်တပ်တွေရောက်နေကာ နမ့်မရွာ လယ်မှာလဲ ကိုးကန့်တပ်တွေနဲ့ပြည့်နေပြီး မြို့ထဲမှာတော့ မြန်မာစစ်တပ်နဲ့နီးတဲ့ ရွာ၊ ရပ်ကွက်တွေမှာ ပြည်သူတွေ မရှိကြတော့ပဲ သက်စွန့်ဆံဖျား ကူညီနေကြတဲ့ ပရဟိတအဖွဲ့အချို့၊ ဘာမှမတတ်နိုင်လို့ သေလဲကံတရားပဲဆိုတဲ့ တချို့နဲ့ ပစ်ခတ်သံတွေငြိမ်နေရင် လူမရှိတဲ့အိမ်တွေကို ရိုက်ဖျက်ယူ နေတဲ့ သူခိုးဂျပိုးအုပ်စုတွေလောက်ပဲ ကျန်တော့တယ်လို့ မိုင်းပန်က လားရှိုးက မိသားစုကို ဝင်ခေါ်သူ ၁ ဦးထံက သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မြို့တွင်းထိခိုက်မှုနဲ့ တိုက်ပွဲ အချက်အလက်အသေးစိတ်ရရှိဖို့ မဲခေါင်က ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်။
MK-012








