မဲခေါင်၊ ဇူလိုင် ၁၉
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ မနေ့ ဇူလိုင် ၁၇ ရက်နေ့ ညကတည်းက စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကုန်းမြင့်သာယာ၊ မင်းတံတား၊ စည်ပင်သာယာ၊ ရွှေပြည်ဟိန်း ကားဂိတ်၊ ဖောင်တော်ဦးဘုရား အောက်ဈေးကြီး ရွှေတံတား လက်ဖက်ရည်ဆိုင် စတဲ့ ရပ်ကွက်တွေမှာ ၉ ဦးသေဆုံးခဲ့ပြီး ညောင်သုံးပင် ရပ်ကွက်မှာတော့ အလောင်းကောက်မယ့်သူ မရှိသေးဘူးလို့ သိရပါတယ်။
“ညောင်သုံးပင်မှာ အလောင်းက ဆာလာအိတ်တွေနဲ့ ထုပ်ထားရတယ်။ ၁၀ လောင်းကျော်တောင် မကလောက်ဘူး။ ကျနော်တို့လည်း မသယ်ရဲသေးဘူး။ တိုက်ပွဲငြိမ်မှပဲ အတည်ပြုလို့ရမယ်”လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ မိုးကုတ်မြို့ အနောက်ပိုင်း တစ်ကြောလုံးကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)က ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အရှေ့ပိုင်းနေရာတွေဖြစ်တဲ့ ကုန်းမြင့်သာယာ၊ တောင်ကချင်၊ ပန်းမထိပ်၊ ညောင်လေးပင်၊ ပတ္တမြားစေတီ အပေါ်ကုန်း၊ ချမ်းမြေ့သာယာ၊ ဗမွန်၊ တောင်နီကွေ့၊ စည်ပင်သာယာ၊ မင်းတံတား၊ ရေပူကုလားကုန်း၊ ညောင်သုံးပင်၊ စစ်တန်းကုန်း စတဲ့ ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်နေတာပါ။



မြို့အရှေ့ပိုင်းဟာ တိုက်ပွဲဧရိယာထဲ ကျရောက်နေပေမယ့် စစ်ကောင်စီတပ်က အရပ်သားတွေကို အနောက်ဘက်ခြမ်း ကူးခွင့် မပြုတာကြောင့် သေဆုံးသူ ပိုများလာတယ်လို့ ဆိုပါတယ်။
“ဒီညနေ ကျမတို့အိမ်ထဲ လက်နက်ကြီးကျတာ ကျမသားလေး အိပ်တဲ့နေရာမှ မှန်တွေကွဲ။ ဒီတစ်ညလုံး မအိပ်ရဲတော့ဘူး။ အိမ်အောက်မှာပဲ ဆင်းနေကြလို့ လူမထိတာပါ။ အိမ်ပေါ်မှာဆို ပွဲချင်းပြီးတယ်” လို့ တောင်နီကွေ့ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ အထိုင်တပ်မထားဘဲ ရွေ့လျားပုံစံနဲ့ ထိုးစစ်ဆင်နေပြီး ဗျူဟာကုန်း တစ်ခုတည်းသာ အထိုင်တပ်ထားရှိတော့တယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မိုးကုတ်မြို့မှာ ပြည်သူအများစု ပိတ်မိနေပြီး ကုန်ဈေးနှုန်းအနေနဲ့ စားအုန်းဆီ တစ်ပိဿာ ၅ သောင်းကျပ်၊ ဆန်ကြမ်းတစ်အိတ် ၃ သိန်းကျော်၊ ကြက်ဥတစ်လုံး ၂၀၀၀ ကျပ် ဈေးကြီးပေးဝယ်ယူနေရပါတယ်။
MK-014








