မိုင်းမင်းနိုင်(Newsland)၊ ဇူလိုင် ၁၉
ဇွန်လ ၂၅ ရက်က ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့နေရာမှာ ပြည်သူလူထု အထိအခိုက်မရှိအောင်နဲ့ နည်းပါးအောင် ကြိုတင်တွက်ချက်ပြီးမှ စစ်ဆင်ရေး ဖော်ဆောင်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
“တကယ်လို့တိုက်ပွဲကာလအတွင်းမှာဆိုရင် ဒေသခံလူထုတွေထိခိုက်မှုမရှိစေအောင် ထိခိုက်မှုလျော့နည်းသွားအောင် ကျွန်မတို့သည် စစ်ဆင်ရေးကိုဖော်ဆောင်နေတဲ့ ဦးဆောင်နေတဲ့ စစ်ဦးစီးမှူးကနေတဆင့် အခြေနေအရပ်ရပ်ကို သုံးသပ်ပြီးတော့မှ တွက်ချက်ပြီးတော့မှ ကျွန်မတို့ဒီစစ်ဆင်ရေးကိုဖော်ဆောင်နေတာဖြစ်ပါတယ်” လို့ဆိုပါတယ်။
တိုက်ပွဲ ၂၄ ရက်အတွင်းမှာတော့ အရပ်သားထိခိုက်သေဆုံးမှု ၉၄ ယောက်အထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၁၃၁ ယောက်အထိ ရှိလာပြီလို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ဇူလိုင် ၁၈ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောက်မဲမြို့ဒေသခံတစ်ဦးကတော့ ၁၀၂၇ စစ်ဆင်ရေးမှာ ပြည်သူကိုကြိုတင်အသိပေးတိမ်းရှောင်ခိုင်းခဲ့တာ၊ ကတုတ်ကျင်းတွေ ကြိုတူခိုင်းခဲ့တာမရှိဘဲ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲလိုမျိုးကြိုတင်ရှောင်ခိုင်းတာတော့မရှိဘူးဗျ။ အဲလိုမျိုးမရှိဘဲနဲ့ ကြိုတင်ပြင်ဆင်ခိုင်းထားတာလဲမရှိဘူး ၂၅ ရက်နေ့ မနက် ၅ နာရီလောက်က မြို့ထဲဝင်သိမ်းတာ အခုချိန်ထိပေါ့” လို့ အဆိုပါ ကျောက်မဲမြို့ခံက ဆိုပါတယ်။
စစ်ဆင်ရေးအတွင်းမှာ TNLA တွေကပြည်သူလူထုတွေနဲ့ထိတွေ့ဆက်ဆံတဲ့အချိန်မှာတော့ ကောင်းမွန်စွာ ပုံမှန်ပြောဆိုဆက်ဆံပြီး မြို့အဝင်တွေပိတ်လိုက်တာကတော့ ပြည်သူတွေအတွက်စစ်ရှောင်ဖို့ အခက်အခဲဖြစ်စေတယ်လိုသူကဆိုပါတယ်။
စစ်ဆင်ရေးကာလအတွင်းမှာတော့ ပြည်သူလူထုတွေရဲ့နေအိမ်ဖောက်ထွင်းခံရမှုကိုလည်း ကာကွယ်ပေးတာရှိတယ်လို့သူကဆိုပါတယ်။
“သူတို့ဘက်ကကာကွယ်ပေးတာရှိတယ်ဗျ။ အဲမျိုးတွေလည်း ကျွန်တော်တို့သတင်းရတာတော့ ခိုးမှုနဲ့ပတ်သက်ပြီးဖမ်းဆီးတာတို့ သူတို့ဖမ်းထားတဲ့လူလည်း သူတို့ဘာအတွက်ဖမ်းထားတာလဲမသိ အားလုံးစုစုပေါင်းယောက်ျားလေးနဲ့မိန်းကလေး ၁၈၀ဖမ်းဆီးထားတယ်လို့ သတင်းရတယ်” လို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တို့ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ နောင်ချိုမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
၁ဝ၂၇စစ်ဆင်ရေးပထမပိုင်းမှာတော့ စစ်ဆင်ရေးမစခင်အချိန်မှာ ကတုပ်ကျင်းကြိုတူးခိုင်းတာရှိတယ်။ မြို့သိမ်းပြီးသွားချိန်မှာလည်း ထိခိုက်ပျက်စီးတဲ့နေအိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ ထိခိုက်မှုအဆင့်လိုက်ခွဲထားပြီး ထောက်ပံကြေးပေးခဲ့တယ်လို့ နမ့်ခမ်းမြို့ခံတစ်ဦးကပြောပါတယ်။








