မဲခေါင်၊ ဇူလိုင် ၁၅
ရှမ်းကယားနယ်စပ်မှာ စစ်ရေးလှုပ်ရှားပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပျားစစ်ကြောင်း(Bees Column)က ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ PNO လက်နက်ကိုင်အဖွဲ့ ပြောက်ကျားနည်းနဲ့ တိုက်လို့ PNO ၂ လောင်း ၂ လက်ရတယ်လို့ ကြေညာပါတယ်။
မနေ့ ဇူလိုင်လ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ညောင်ရွှေမြို့နယ်၊ နမ့်ဗွမ်ကျေးရွာ စစ်စခန်းကနေ ဆိုင်ကယ်စီးထွက်လာတဲ့ PNO ၂ ဦးကို ပျားစစ်ကြောင်းက ပြောက်ကျား ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ ၂ လောင်း ၂ လက် ရတာလို့ ဆိုပါတယ်။
“စစ်ကောင်စီနဲ့အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားနေလို့သာ ကျနော်တို့က တိုက်ခိုက်ရတာပါ၊ PNO ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ စစ်ကောင်စီနဲ့မပူးပေါင်းဘဲ ပြည်သူဘက်က PNO ကို ရပ်တည်ပေးစေချင်ပါတယ်၊ ပြည်သူဘက်က နိုင်နေပါပြီ၊ ဒီအခြေအနေမှာ ပြည်သူဘက်က မရပ်တည်ရင် ဘယ်သူနဲ့ရပ်တည်မှာလဲ”လို့ မဲခေါင်ကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပျားစစ်ကြောင်းတာဝန်ခံ ကိုလင်းက ပြောပါတယ်။
လက်ရှိမှာ PNO တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ နမ့်ဗွမ် ကျေးရွာမှာ စခန်းထိုင်အခြေပြုနေပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့သိရပါတယ်။
MK-012








