မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက် ညက စတင်ခဲ့တဲ့ လာရှိုးမြို့တိုက်ပွဲတွေမှာ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်း အထိ အရပ်သားပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော်ဒဏ်ရာ ရရှိခဲ့တယ်လို့ အချက်အလက်စုစည်းမှုတွေအရ သိရပါတယ်။

ဇူလိုင်လ ၇ ရက် နေ့အနထိ သေဆုံးသူ ၁၈ ဦးသာရှိပေမယ့် ညနေပိုင်းမှာ ရပ်ကွက် ၇-နယ်မြေ ၁၉ မှာကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး တချိန်တည်း သေဆုံးခဲ့တာဖြစ််လို့ ၂၂ ဦးထိရှိလာတာဖြစ်ပြီး ယနေ့မနက် ၈ နာရီခန့်မှာ ရပ်ကွက်-၉ နယ်မြေ ၃၊ လမ်းသွယ် ၁ ကို ကျရောက်တဲ့ လက်နက်ကြီး ၂ လုံးကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးရခဲ့တာဖြစ်လို့ သေဆုံးသူ စုစုပေါင်း ၂၅ ဦးရှိခဲ့တာဖြစ်ပါတယ်။
ခေးခမ်း၊ မယ်ဟန်နဲ့ ဟိုပိတ်ဖက်တွေမှာ မကြာမကြာ တိုက်ပွဲတွေဖြစ်လာနေပြီး မြို့ပေါ်တရုတ်ဘုံကျောင်းနဲ့ Sky Vision ဆိုင်ပတ်ဝန်းကျင်မှာ လက်နက်ကြီးကျရောက်မှုတွေရှိနေတာဖြစ်ပါတယ်။ တပ်ဆွေမျိုးတွေနေတဲ့ ရပ်ကွက်-၃ မှာတော့ ရှော့တိုက်ဒုံးတွေ ကျတာများပေမယ့်အသေအပျောက် သိပ်မကြားရတာဟာ စစ်ရှောင်တာ ဒါမှမဟုတ် နီးစပ်ရာတပ်ဌာနချုပ်တွေထဲ ခိုလှုံနေကြလို့ ဖြစ်မယ်လို့ပြောနေကြပါတယ်။
ဇူလိုင်လ ၈ ရက် နတ်စင်ကုန်းဘက်မြေပြင်တိုက်ပွဲမှာတော့ ပြည်သူတွေ သေဆုံးထိခိုက်မှုမရှိပေမယ့် MNDAAတပ်သား ၅ ဦးနဲ့ လက်နက်တွေရခဲ့တာရှိတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ လူမှုကွန်ရက် ရှမ်းပြည်သတင်းစုံမှာ ပါရှိတာတွေ့ရပါတယ်။
လက်ရှိ လားရှိုးမြို့အနေအထားမှာ စစ်ကောင်စီတပ်က မန်ဆူစေတီတော်ကုန်းမှာ အကဲကြည့်ကင်းတင်ထားပြီး သာသနာ ၂၅၀၀ ကုန်းတွေပေါ်မှာ အမြောက်စခန်းတွေတင်ထားတယ်လို့ သိရပါတယ်။ သာသနာ့နယ်မြေမှာ မြေမြုပ်မိုင်းတွေလဲ ခင်းထားတယ်လို့ သိရပါတယ်။
လက်ရှိ လားရှိုူးအခြေအနေမှာ နေရာမရွေး စစ်ရေးအရှိန်မြင့်လာနိုင်ချေရှိတာဖြစ်လို့ ကျည်ကွယ်၊ မြက်ကွယ်နဲ့ လက်နက်ကြီးဒဏ်ခံနိုင်တဲ့နေရာတွေမှာ ရပ်ဝေးကို စစ်ဘေးမရှောင်နိုင်တဲ့ပြည်သူတွေ မြို့တွင်းက လုံခြုံမယ့်နေရာတွေဆီ ခိုလှုံနေကြဖို့ ပရဟိတနဲ့လူမှုကူညီသူတွေက လောဆော် တိုက်တွန်းနေကြကြောင်း သိရပါတယ်။
လားရှိုးမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ရတချက် မရတချက်ရှိနေပြီး ဖုန်း ၁၀၀၀ တန်ကဒ်ကို ကျပ်၁၅၀၀၊ ခေါက်ဆွဲခြောက် ၂၀၀၀ ကျပ်၊ဖယောင်းတိုင် ၅ တိုင်ပါ ၁ထုပ် ကျပ် ၄၀၀၀၊ အာလူးကြော် ၂၀၀၀ တို့ဖြစ်ကြပြီး ဆေးဆိုင်နဲ့အိမ်ဆိုင်တချို့ခဏဖွင့်တာမျိုးရှိနေပြီး ဓါတ်ဆီမှာ ဝယ်မရတဲ့အခြေအနေထိရောက်လာနေတယ်လို့သိရပါတယ်။
လားရှိုးဝန်းကျင်မှာတော့ ခေးနင်းကို ရောက်လာတဲ့ MNDAA တပ်တွေ သီပေါကလာတဲ့ ခမရ-၅၀၂ ကို တိုက်နေပြီး ကောင်းခါးမှာ နမ့်လန်က ခမရ-၅၀၅ က ခံစစ်အနေနဲ့ရှိနေတယ်လို့ စစ်ရေးအကဲခတ်တချို့ထံက သိရပါတယ်။
လက်ရှိမှာ ဇူလိုင် ၂ ရက်က စခဲ့တဲ့ လားရှိုးမြို့တိုက်ပွဲဟာ မနေ့ ဇူလိုင် ၉ ရက်မှာသာ အနည်းငယ် ငြိမ်သက်ပြီး ယနေ့မှာတော့ ဆက်လက်တိုက်ခိုက်လာနေပြီး တိုက်ပွဲအရှိန်မြင့်လာနိုင်တာဖြစ်လို့ မြို့ထဲမှာ နေခဲ့တဲ့ ပြည်သူတွေ အထိအခိုက်နည်းအောင် တတ်နိုင်သမျှ ဘေးကင်းအောင်နေထိုင်ခိုလှုံကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းနေကြပါတယ်။
MK-012








