မဲခေါင်၊ ဇူလိုင် ၉
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီးနောက်ပိုင်း တအာင်းတပ် – TNLA နဲ့ ရှမ်းတပ် SSPP တို့ကြား စစ်ရေးထိတွေ့မှုတွေရှိလာပြီးနောက် TNLA ကို ထိန်းပေးဖို့ SSPP က ‘ဝ’တပ်ဖွဲ့ – UWSA ကို ဇူလိုင်လ ၆ရက်က အကူအညီတောင်းခဲ့သလို လက်ရှိစစ်ဆင်ရေးမှာ SSPP က ဝင်ရောက်နှောက်ယှက်တပ်လို့ TNLA ဘက်ကလည်း ဇူလိုင်လ ၈ရက် ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
UWSA စစ်ဦးစီးချုပ် ‘ဦးကျောက်ကျုံးတန်’ ထံ လိပ်မူထားတဲ့ SSPP ရဲ့ အကူအညီတောင်းခံစာမှာ ဇူလိုင်လ ၅ရက်နေ့က TNLA တပ်တွေဟာ SSPP တပ်တွေကို ၄ကြိမ်တိုင်တိုင် အစီအစဉ်ရှိရှိတိုက်ခဲ့ကြောင်း၊ TNLA နဲ့ SSPP ကြား ဆက်ဆံရေးကို အပြန်အလှန်လေးစားမှု၊ ကူညီဖေးမမှုတွေနဲ့ ရှေ့ဆက်သွားနိုင်ရေး UWSA က ကူညီထိန်းကြောင်းပေးရန်လိုအပ်ကြောင်း ဖော်ပြထားတယ်။

TNLA ထုတ်ပြန်ချက်မှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဖော်ဆောင်ထားတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ SSPP က ဝင်ရောက်နှောင့်ယှက်တာကြောင့် TNLA တပ်ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာ တအာင်းတပ် စစ်ဆင်ရေးကြီးကြပ်တဲ့အဖွဲ့ဟာ ကျောက်မဲမြို့ နောင်ပိန်အနီးက တောင်ခြေနီးစခန်းကို လှည့်လည်ကြီးကြပ်နေစဉ်မှာ SSPP တပ်ဖွဲ့က ဝိုင်းရံပြီး ပစ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် တအာင်းတပ် အရာရှိ ၃ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုဖြစ်လာတဲ့ပြသာနာတွေကို FPNCC ထံတင်ပြထားပြီး အမြန်ဆုံးကြားဝင် ထိန်းသိမ်းညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် စောင့်ဆိုင်းမယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းကြား နယ်မြေအငြင်းပွားမှုတွေ အရင်ကတည်းက ရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှာတော့ KIA, TNLA, SSPP နဲ့ MNDAA တို့ကြား ထိတွေ့မှုတွေပိုမိုဖြစ်ပေါ်လာပါတယ်။
MK-011








