မဲခေါင်၊ ဇူလိုင် ၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ဗုံးနဲ့တိုက်ခဲ့တာကြောင့် ကျောင်းတစ်ခုလုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ကပ္ပိယနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ဇူလိုင်လ ၅ ရက်နေ့ မနက် ၁၁ နာရီခန့်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဘုန်းကြီးနဲ့ နီးစပ်သူ ၁ ဦးကပြောပါတယ်။
“ဗုံးအကြီးကြီး တစ်လုံးပဲချတာ။ အကြီးကြီးပဲ။ ဝုန်းဆို ကျောင်းတစ်ခုလုံး ပျက်စီးသွားတာ။ ကျောင်းထဲမှာက ဘယ်သူမှမကျန်တော့ လူထိတာ မရှိဘူး” လို့ သူက ပြောပါတယ်။
စစ်ကောင်စီကြဲချတဲ့ဗုံးဟာ ပေါင် ၂၀၀ ဗုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် မဲခေါင်သတင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ကလည်း ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ပအိုဝ့်ပြည်သူ့စစ် PNA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့ပြီး နမ့်နိန်းဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ကာ ကျောင်းဆောင်တချို့ ပျက်စီးမှုနဲ့အတူ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းကစလို့ နမ့်နိန်းကျေးရွာမှာ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေရသလို ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ ကပ္ပိယတွေလည်း တခြားဘုန်းကြီးကျောင်းတွေမှာ ပေါင်းပြီး ခိုလှုံနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ လူမျိုးရေး ပဋိပက္ခဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ မတ်လ ၁၁ ရက်နေ့ကလည်း နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီး ၃ ပါးနဲ့ အရပ်သား ၂၀ ကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး ကရင်နီ PDF တွေကို ချေမှုန်းနိုင်ခဲ့ပြီလို့ လိမ်ညာဝါဒ ဖြန့်ခဲ့ပါသေးတယ်။
MK-014








