မဲခေါင်၊ ဇူလိုင် ၈
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာက ခလရ-၆၇ ရဲ့ လွိုင်ဟိုတုံးတပ်စခန်းကို ကိုးကန့်တပ် – MNDAA က ဇူလိုင်လ ၇ရက်က ဒရုန်းတွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင်လ ၇ ရက်၊ ညနေ ၃ နာရီခန့်ကနေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၇ နာရီအကျော်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပြီး လက်နက်ငယ်သံတွေသာ ကြားရတော့တယ်လို့ သတင်းရင်းမြစ် ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
“ဟိုယမှာ အိမ် ၃ လုံးလောက် မီးလောင်တယ်။ မိုင်းရယ်ဘက်ကလဲ လက်နက်ကြီးပစ်ကူပေးတယ်။ စခန်းရသွားတယ်ထင်တယ်။ ဒီနေ့တော့ အဲဘက်ကို မိုင်းရယ်က လက်နက်ကြီးပစ်သံ ၃ လုံးကြားရတယ်။ မြေပြင်တိုက်ပွဲတော့မကြားရဘူး။ ကိုးကန့်တပ်တွေကတော့ အများနောင်ပိန်ဘက်က အများကြီးဆင်းလာနေတယ်။ လားရှိုးကို စစ်တပ်စစ်ကူ မတက်နိုင်အောင်ပိတ်ဆို့ထားတယ် ယူဆရတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ တန့်ယန်း၊ မိုင်းရယ် လမ်းဆုံ ဟိုယမှာ ခလရ-၆၇ တပ်အထိုင်ချထားတာဖြစ်ပြီး လွိုင်ဟိုတုံးစခန်းမှာ စိုးမိုးကုန်းအနေနဲ့ မြေပြင်ကို ထိန်းထားတာဖြစ်တာကြောင့် အဲဒီစခန်းသာကျရင် ဟိုယက ခလရ-၆၇ တပ်စခန်းကို အပေါ်စီးက အလွယ်တကူ တိုက်ခိုက်နိုင်စွမ်းရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ကိုးကန့်တပ်တွေ ဟိုယရွာအထွက် သင်္ချိုင်းမှာ စုဖွဲ့နေတာကို ခလရ-၆၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကိုးကန့် က တပ်မဟာမှူးအဆင့် ၁ ဦးနဲ့ လက်နက်ကြီးသမား ၄ ဦး သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ စစ်ကောင်စီရဲ့ သံလွင်မြေသတင်းမှာ တင်ထားတာတွေ့ရပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဟိုယကျေးရွာ အထက(ခွဲ)နဲ့ ကြံ့ခိုင်ရေးရုံး၊ ဝမ်လုံကျေးရွာ ထမင်းဆိုင်တန်းတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဟိုယ၊ ပန်ညောင်၊ ဝမ်လုံကျေးရွာတွေက ဒေသခံ ၈၀၀ ကျော်ဟာ လွယ်ဟိန်း၊ ဝမ်စန့်၊ ကုန်းစုံ၊ ဟိုတိဘုန်းကြီးကျောင်းတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေထံက သိရပါတယ်။
ရှမ်းမြောက်၊ စစ်ဆင်ရေးဂွင်အတွင်း တန့်ယန်းနဲ့ မိုင်းရယ်ဟာ စစ်ရေးပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်သမားတွေက သုံးသပ်ထားသလို ရှမ်းတောင်ကို စစ်ဘောင်ကျယ်ပြန့်လာမယ့် လမ်းကြောင်းလို့ ယူဆထားကြကြောင်းသိရပါတယ်။
လားရှိုးမြို့နယ်ထဲက နမ့်ပေါင်ကျေးရွာကို MNDAA ကရထားပြီး မန်ကတ် စစ်တပ်စခန်းက လားရှိုးဘက်ကို လက်နက်ကြီး ပစ်ကူပေးနေသလို သီပေါနဲ့ခိုလန်ဘက်က စစ်ကောင်စီတပ်ဟာလည်း အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
နန့်ပေါင်က ဆုတ်ခွားသွားတဲ့ စစ်ကောင်စီ ခလရ-၂၉၁ တပ် အကြွင်းအကျန်တွေဟာ ခလရ-၆၇ ကိုဝင်ပေါင်းပြီး SSA ဌာနချုပ်ဟောင်းရှိတဲ့ စိန်ကျော့တစ်ဝိုက်မှာ ရှေ့တန်း ခလရ-၂၃ နဲ့ပေါင်းပြီး အင်အားအပြည့်နဲ့ တန်ပြန်တိုက်စစ်ဆင်နိုင်တယ်လို့ ဒေသအရေးကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။
လားရှိုးကနေ ၁၆ မိုင်ဝေးတဲ့ စစ်ကောင်စီရဲ့နောင်မွန်စခန်းကျထားတာကြောင့် ကျောက်မဲက ခမရ-၅၀၂ ဟာ ခေးနင်းမှာ ပြန်အခြေပြုနေတာ ဖြစ်ပြီး နမ့်လန်မှာရှိတဲ့ ခမရ-၅၀၅ က ကောင်းခါးအထိ ဆုတ်ခွာအခြေပြုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ််ပြီး ဒီနေ့မှာ ပြည်သူ သောင်းကျော် ကားတွေနဲ့ လားရှိုးက ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့ပေါ်မှာလည်း စွန့်ခွာဖို့ အဆင်မပြေတဲ့ ပြည်သူအများအပြား ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
MK – 012








