မဲခေါင်၊ ဇူလိုင် ၅
ရှမ်းမြောက်၊ သီပေါမြို့မှာ မနေ့ညပိုင်းက လက်နက်ကြီးစ ထိမှန်လို့ အမျိုးသား တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ ဇူလိုင်လ ၄ ရက် ည ၇ နာရီခန့်မှာ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်(ဟာလျံ) အတွင်းမှာ အမျိုးသား ၁ ဦးလက်နက်ကြီးစထိမှန်ဒဏ်ရာရ ခဲ့တာကို နယ်စည်းမခြားပရဟိတအသင်းက သွာရောက်ခေါ်ဆောင်ကာ ရှေးဦးသူနာပြုနည်းနဲ့ သွေးတိတ်အောင် ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မှာ နီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
“အရင် ၂ ယောက်တုန်းက လားရှိုးပို့နိုင်ပေမယ့် ခုလားရှိုးအခြေအနေက မလွယ်တော့၊ နမ့်လန်ဘက်ကနေ စီစဉ်ရမယ်ထင်တယ်”လို့ သီပေါ ပန်းတိမ်မြောက်က လူမှုကူညီသူ တစ်ဦးက ပြောပါတယ်။
ဒုဌဝတီမြစ်ကို ကူးပြီး နမ့်လန်တိုက်နယ်ကနေ မန္တလေး၊ တောင်ကြီးဘက်ကို ပို့နိုင်ပေမယ့် လုံခြုံရေးအရရော၊ လမ်းပျက်စီးမှုအခြေအနေအရပါ တကယ့် စိုးရိမ်ရတဲ့ အရေးကြီးလူနာဆိုရင် လွယ်ကူနိုင်တဲ့အခြေအနေ မရှိနိုင်ဘူးလို့ သိရပါတယ်။
လက်ရှိမှာ ဆေးသူနာပြုဆရာမကြီးတွေဘဲ မြို့မှာ ရှိနေပြီး ဆေးရုံပိတ်ထားကာ နမ့်လန်မှာပဲ တိုက်နယ်ဆရာဝန်ရှိတာဖြစ်လို့ အဲဒီကတဆင့် ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


သီပေါမှာ မနေ့ညနေ ၃နာရီကနေ ၆း၁၅ အထိ လက်နက်ကြီး ၁၀ ချက်ကျော် ပစ်ခတ်ခဲ့ပြီးနောက် ခဏရပ်နားပြီး ည ရနာရီကနေ တစ်နာရီ တစ်လုံးလောက် ပစ်ခတ်နေခဲ့တာလို့ ပြောပါတယ်။
သီပေါမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်နေခဲ့တာမှာ ဇူလိုင် ၁ရက်နေ့က လက်နက်ကြီးပေါက်ကွဲလို့ ဒဏ်ရာရသူ ၅ ဦးနဲ့ အခုဇူလိုင် ၄ ရက်နေ့မှာ တစ်ဦး စုစုပေါင်း ၆ ဦးသာ ရှိနေပြီး ပြည်သူ သေဆုံးမှုမရှိသေးဘူးလို့ သိရပါတယ်။
သီပေါဟာ ရှမ်းမြောက်စစ်ဆင်ရေးမှာ စစ်ရေး အရေးကြီးနေရာ Critical Point ဖြစ်လို့ သီပေါကို အလုံးအရင်းနဲ့ စစ်ဆင်နိုင်တယ်လို့ စစ်ရေးသုံးသပ်သူတွေထံက သိရပါတယ်။
သီပေါမြို့နယ်အတွင်း ခမရ-၅၀၃၊ ၅၀၄ နဲ့ခလရ-၂၃ ၊ နောင်ကော်ကြီးမှာ ခလရ-၁၄၇၊ နားကန် မှာ ၅၀၀၃ သံချပ်ကာတပ်ရင်း၊ နမ့်လန်မှာ ခမရ-၅၀၅၊ ၅၀၆ နဲ့ ခလရ-၂၄၃ ရှိထားပြီး မြို့ကို မြို့ပေါ် ရပ်ကွက်တွေ၊ သီပေါထောင် နဲ့ စစ်တပ်များဆိုပြီး အဆင့်လိုက် စစ်ဆင်မှု စီမံချက် ရှိနေနိုင်တာဖြစ်လို့ သီပေါပတ်ပတ်လည်ကို ပိတ်ဆို့ထားတာလို့ ဆိုပါတယ်။
လက်ရှိမှာ MNDAA က TNLA တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး သီပေါကို လက်နက်ကြီးပစ်ကူ ပေးနေတယ်လို့ သိရကာ မြေပြင်စစ်ဆင်ရေးအတွက် သီပေါ ဒုဌဝတီတံတားကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
MK-012








