မဲခေါင်၊ ဇူလိုင် ၄
လားရှိုးမြို့ အနီး ရပ်ကွက်-၅ အောက်မန်အိုင် ဖက်မှာတော့ စစ်ကောင်စီရဲ့တင့်ကား အမြောက် ၁၃ စီးလောက် ထပ်တက်သွားပြီး ခမရ-၅၀၇ ကနေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“သံချပ်ကာကားတွေ အများကြီး ဖြတ်သွားတာတွေ့တယ်၊ ဖုန်းကတော့ ရတစ်ချက် မရတစ်ချက်ပဲ၊ မန်အိုက်ဘက်တော့ လေယာဉ်ဝဲနေတယ်၊ လက်နက်ကြီးလား ဒုန်းတွေလားမသိ၊ ၆ လုံးလောက် ကျပြီး နေ့လည် ၁ နာရီခွဲကနေ ၂ နာရီခွဲလောက်အထိ စက်သေနတ်အတွဲလိုက်တွေပစ်နေတာ ၊ ရွာထဲကနေ ဘေးတောထဲက ဂူတွေထဲ လူတွေပြေးပုန်းနေကြရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ လွယ်ဝိန်းတောရကျောင်းအထက်နားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။ နမ္မတူလမ်းခွဲတောရကျောင်းအနီး မှာတော့ညနေ ၅ နာရီ ခန့်က ရှော့တိုက်ဒုန်း တစ်လုံးကျပေမယ့် မပေါက်ကွဲဘူးလို့သိရပါတယ်။
လားရှိုး ရပ်ကွက်-၉ ဘူတာ သံလမ်းအကျော် မူလွန် ၁၅ ကျောင်းကို နေ့လည် ၂ နာရီခွဲလောက်က လက်နက်ကြီးတွေကျပေမယ့် ကျောင်းပိတ်ထားလို့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
လားရှိုးကို MMDAA နဲ့တော်လှန်ရေးတပ်တွေ ဇူလိုင် ၃ ရက်က ၄ရက်အထိ တိုက်တဲ့ ၂ ရက်တာကာလအတွင်း အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်၊ အဲ့ထဲမှာ အမျိုးသမီး ၅ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ပန်အွတ်ကျောင်းက ကိုရင် တစ်ပါးလဲ ပါဝင်ပါတယ်။
ယနေ့ ဇူလိုင်လ ၄ ရက် မနက် ၄ နာရီခွဲကတဲက တိုက်ပွဲသံဟာ ညနေ ၅ နာရီအထိ အသံမစဲသေးပဲ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းအနေနဲ့ ယနေ့မနက်အစော MNDAA ထိန်းချုပ်ထားတဲ့ သိန္နီရဲစခန်းနေရာကို စစ်ကောင်စီက ဗုံးကြဲပြီးနောက်ပိုင်းမှာ လောက်ကိုင်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းတို့မှာ စစ်ကောင်စီရဲ့လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ကျောင်းတွေပိတ်လိုက်တယ်လို့ သိရပါတယ်။


နမ့်ပေါင်ဘက်မှာတော့ လေယာဉ်တွေဝဲနေပြီး တံတားထိပ်နားက ဆန်စက်ပိုင်ရှင် လက်နက်ကြီးထိတာမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ရှမ်းမြောက်၊ လားရှိုးမြို့ ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မြို့တွင်းမှာ ပြည်သူအများ ပိတ်မိနေပြီး ထွက်ခွာလို့ရတဲ့ကားတွေလည်း လမ်းခရီးတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
လားရှိုးကနေ သီပေါကြား စဉ်အင်ဘက်ကို ဇူလိုင် ၄ ရက် နေ့ မနက်ပိုင်း က ထွက်ခွာလို့ရခဲ့တဲ့ ကားတွေဟာ စဉ့်အင်ဖောင်ဆိပ်မှာ ရာနဲ့ချီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
ယခင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း၁ မှာ TNLA က နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေ့ါ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး MNDAA က ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ဖောင်ဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ သိန္နီမြိုတွေကို သိမ်းပိုက်ထားရာမှာ အခု လားရှိုးကိုMNDAA က တိုက်နေချိန်မှာ စစ်ကောင်စီက သိန္နီမြို့ကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး ကျန်မြို့တွေကိုလည်း ဗုံးကြဲနိုင်တာဖြစ်လို့ ယခုလို့ ကျောင်းတွေစျေးတွေပိတ်နေတာလို့ သိရပါတယ်။
MK-012








