မဲခေါင်၊ ဇူလိုင် ၄
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါ – လားရှိုး – မူဆယ်လမ်း လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ကားအစီးရေ ထောင်ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ခရီးသည်ကားတွေကို လိုက်လံပစ်ခတ်နေသလို MNDAA ဘက်ကလည်း ကုန်ကားတွေကို သိမ်းဆည်းတာ၊ လူသစ်စုဆောင်းတာတွေ ပြုလုပ်နေပြီး ၂ ဖက် လက်နက်ကိုင် တပ်တွေကို ကြောက်လန့်နေရတယ်လို့ လက်ရှိ ကြုံတွေ့နေရသူတွေက ပြောပါတယ်။
“သေနတ်မှန်တဲ့ ကားတွေဆို မှန်တွေ ကြေမွနေတာပဲ။ လူရှပ်ထိတာတွေလည်း ရှိတယ်။ သေတော့မသေဘူး။ ကားသမားတိုင်းက ၂ ဖက်လုံးကို ကြောက်နေရတယ်” လို့ စောင့်ဆိုင်းနေတဲ့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က သေနတ်နဲ့ ပစ်ခတ်တဲ့အပြင် လားရှိုးမြို့တွင်းကနေပါ ကားတန်းရှိတဲ့ နေရာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး မကြာခဏ လေယာဉ်ပျံဝဲနေတာကြောင့် ယာဉ်မောင်းတွေက ဗုံးကျဲခံရမှာကိုလည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဖျက်ဆီးခဲ့တဲ့ သီပေါ – လားရှိုးကြားရှိ စဉ့်အင်ရွာတံတား အနီးမှာလည်း စစ်ဘေးရှောင်တွေ ကမ်းကူးဖို့အတွက် ကားအစီးရေ ရာချီစောင့်ဆိုင်းနေပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အစားအသောက်ရောင်းတဲ့ ဆိုင်လည်း မရှိ။ ပါလာတဲ့ စားစရာလည်းကုန်ပြီ။ ဖုန်းလိုင်းကမရနဲ့ တော်တော်ကို အဆင်မပြေဘူး။ ကလေးတွေလည်း ဗိုက်ဆာလို့ ဂျီကျနေပြီ” လို့ ကမ်းကူးဖို့ စောင့်ဆိုင်းနေသူ တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကစပြီး ဒီနေ့အထိ ၁၀ ရက်တာအတွင်း သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၅၀ ကျော်ရှိပြီလို့ စုံစမ်းသိရပါတယ်။
MK-014







