မဲခေါင်၊ ဇွန် ၂၆
မိုးကုတ်မြို့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီစခန်းကို TNLA နဲ့ ပူပေါင်း မိုးကုတ်ဗျူဟာတပ်ဖွဲ့က ဒီနေ့နေ့လည် ၂ နာရီကျော်မှာ သိမ်းပိုက်နိုင်လိုက်ပြီ လို့သိရပါတယ်။
“ဒေါ်နန်းကြည်တောင်ရသွားပါပြီ။ အခု အောက်ဘက်တွေရှင်းမယ်ကြားတယ်” လို့ မိုးကုတ်ဗျူဟာတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို အတည်ပြုပါတယ်။ ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီတွေ ခုခံတိုက်နိုင်ခြင်းမရှိတော့လို့ လက်နက်ချ အညံ့ခံလိုက်တယ်လို့ ကနဦးသိထားရပါတယ်။
ဒေါ်နန်းကြည်တောင်ပေါ် အပါအဝင် မိုးကုတ်မြို့ အနောက်ပိုင်းမှာ တနေကုန် မိုးရွာချိန်ကလွဲပြီး အပြန်အလှန်ပစ်ခတ်နေရာ လူနေအိမ်တွေထဲ လက်နက်ကြီးကျတာ၊ ကျည်မှန်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အနောက်ပိုင်းမှာ MPT ဖုန်းလိုင်းတွေလည်း မကြာခဏ ဖြတ်တောက်ခံနေရပါတယ်။
မန္တလေး-မိုးကုတ်လမ်းပေါ်က ရေအေးရွာအဝင်မှာ စစ်ကောင်စီက လက်နက်ကြီး အထိုင်ချထားလို့ TNLA နဲ့ ပူပေါင်း မိုးကုတ်ဗျူဟာတပ်ဖွဲ့က ဖြုတ်သိမ်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာတွေ တစ်စီးပြီးတစ်ပြီး တက်လာပြီး တမြို့လုံးကို ပျံဝဲစောင့်ကြည့်နေပါတယ်။
မိုးကုတ်မြို့တွင်းမှာတော့ မနေ့ မနက် ဇွန် ၂၅ ရက်နေ့ တိုက်ပွဲဖြစ်ခါစအထိ မြို့တွင်းမှာလူပုံမှန်စည်ကားခဲ့ပေမယ့် စစ်ကောင်စီတွေသွားလာ လှုပ်ရှားပြီးနောက် ဒေသခံတွေ အပြင်ထွက်တာ သိပ်မရှိတော့သလို တချို့ဆိုင်တွေ ပိတ်ထားပြီလို့ သိရပါတယ်။
မွန်းလွဲပိုင်းလောက်ကစပြီး မြို့ထဲက ရဲစခန်းနဲ့ စစ်ကောင်စီလက်နက်ကြီး အထိုင်ချထားရာ တောင်ပေါ်ကို ပစ်ကူနေတဲ့ ရွှေမြင်ဝင်း ဘုန်းကြီးကျောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက် လက်နက်ဖြုတ်ချဖို့ ကြိုးစားနေလို့ ပစ်ခတ်မှုဖြစ်ပွားနေပြီး အခုထိ အခြေအနေ တည်ငြိမ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
မြို့အရှေ့ပိုင်းမှာတော့ ဒီနေ့နေ့လည်ကစပြီး ပစ်ခတ်သံတွေ ညနေ ၃ နာရီခန့်က မြို့အရှေ့ပိုင်း ချဲဘုရားတောင်ဘက်ကနေ စစ်ကောင်စီတပ်သားတွေ ဆင်းလာတာကိုတွေ့လိုက်ရတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
ဒေသခံတွေအများစုဟာ အနီးစပ်ဆုံး စစ်ဘေးကင်းရာ မန္တလေးကို တိမ်းရှောင်ဖို့ မတ္တရာအဝင် တံတားကြီးတစ်ခု ကျိုးနေတဲ့အပြင် ရှောင်ကွင်းလမ်းတကြောဟာ အပစ်အခတ်ဖြစ်နေတဲ့ နေရာတွေကို ဖြတ်ရမှာမို့ အနောက်ပိုင်းက သံဃာတွေက အရှေ့ပိုင်းက ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံ၊ ပြည်သူတွေကတော့ မိမိအိမ်ထဲမှာသာနေပြီး ဒီအခြေအနေကျော်လွန်တဲ့အထိ တောင့်ခံသွားမယ်လို့ ဆိုပါတယ်။
လူထိခိုက်မှု၊ ပျောက်ဆုံးမှု
မနေ့ညနေက မိုးကုတ်မြို့ အနောက်ပိုင်း၊ ရက်ချရပ်ကွက်က လက်နက်ထိမှန်လို့ အကူအညီတောင်းလာတဲ့ လင်မယား ၂ ဦးကို ကျပ်ပြင်ဈေး လောကပရဟိတ အဖွဲ့ဝင် ကိုကျော်တူးနဲ့ တူ ၂ ယောက် အရှေ့ပိုင်းက ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး အပြန်မှာ စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ DVB သတင်းဖော်ပြချက်အရ သိရပါတယ်။
ဒေသခံတွေကတော့ အဲ့ဒီ ပရဟိတကားကိုဘီးပေါက်ထားတဲ့ ပုံစံနဲ့ မြို့အနောက်ပိုင်း ကသဲရပ်ကွက်အနီးလမ်းပေါ်ရပ်ထားပြီး ကားအနီးမှာသွေးကွက်တွေပါ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့မိသားစုဝင်တွေ ရဲစခန်း၊ ဆေးရုံတို့ကို သွားရောက်စုံစမ်းခဲ့သလို အခုထိမတွေ့သေး၊ အလောင်းလည်းမရသေးတာကြောင့် သေဆုံးတာကို အတည်မပြုပေးသေးပါဘူး။
မန္တလေးကနေ မနေ့ကတက်လာတဲ့ ကားတွေ ရှောင်ကွင်းလမ်းတွေ အသုံးပြုခဲ့ရပြီး မိုးကုတ် အနောက်ပိုင်းအဝင်မှာ ပစ်ခတ်နေတဲ့ နေရာတွေကို စိုးရိမ်တကြီး ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့ မနက်ပိုင်းကတည်းက မန္တလေးကနေ တက်လာတဲ့ကားတွေ ညက ဇရပ်ကွင်းရွာမှာ ရပ်နားအိပ်ရပြီး ဒီကနေ့မနက်အစောပိုင်း ဆက်မောင်းလာပေမယ့် ရွှေညောင်ပင်မှာ စစ်ကောင်စီက လမ်းပိတ်ထားလို့ ကားအစီး ၃၀ ကနေ ၅၀ လောက် ရပ်နားထားရတယ်လို့ ဆိုပါတယ်။
ပုံစာ – ဒီနေ့ နေ့လည် ၁နာရီခွဲခန့်က မြင်တွေ့ရတဲ့ မိုးကုတ်မြို့ပေါ် အခြေအနေ
CJ001








