မဲခေါင်၊ ဇွန် ၂၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဒေါ်နန်းကြည်တောင်ပေါ်မှာ မနေ့ကတည်းက စစ်ကောင်စီဗျူဟာစခန်းကို TNLA နဲ့ ပူးပေါင်း PDF(မိုးကုတ်ဗျူဟာ ၄ ရင်း)က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂၄ နာရီ ပြည့်ခါနီး ဒီနေ့မနက်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးလို့ ယူဆရတဲ့ ပေါက်ကွဲလက်နက် ၃ ခု လာကြဲသွားတယ် လို့သိရပါတယ်။
ဒီနေ့မနက် ၉း၂၀ မှာတော့ တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာတစ်စီး တက်လာပြီး ပစ်ခတ်မှုဖြစ်ပွားနေတဲ့ ဒေါ်နန်းကြည်တောင်ခြေကို ဗုံး ၃ လုံးကြဲချသွားတယ်လို့ စစ်ကောင်စီလေကြောင်း သွားလာမှုစောင့်ကြည့်နေတဲ့ ကျွမ်းကျင်သူတွေနဲ့ မိုးကုတ်ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်ကစပြီး ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး TNLA နဲ့ ပူးပေါင်း မိုးကုတ်ဗျူဟာက ဒေါ်နန်းကြည်တောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီဗျူဟာကို လက်နက်ချခိုင်းပေမယ့် မချဘဲ အစွမ်းကုန် ပြန်ခုခံတိုက်နေတာလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဗုံးကြဲမှုကြောင့် အုပ်အင်းနားက ခရစ်ယာန်ချာ့ချ်ကျောင်းတစ်ကျောင်း ပျက်စီးသွားကြောင်းသာ သိရသေးပြီး တခြားထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ဒေါ်နန်းကြည်တောင်ပေါ်နေ ဒေသခံတွေကတော့ ဆရာတော်ကြီးတစ်ပါးနဲ့ သံဃာတချို့ ပစ်ခတ်မှုမဖြစ်တဲ့ မိုးကုတ်အရှေ့ပိုင်းကို မနေ့ကတည်းက ရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီတွေဟာ ၂ ထပ် ဓမ္မာရုံအောက်ထပ်မှာ နေရာယူထားတာကြောင့် အကာအကွယ်ကောင်းရနေတယ်လို့ သိရပါတယ်။
မနေ့က အပြန်အလှန်ပစ်ခတ်မှုမှာ တောင်ပေါ်က ဓမ္မာရုံတချို့နဲ့ သာသနိကအဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှု ရှိထားတယ်လို့ သိရပါတယ်။
CJ001








